Monday, May 14, 2012

ကျေးဇူးတော်ရှင် ဝါဆိုဆရာတော်ဘုရားကြီး သက်တော် (၉၅) နှစ်ပြည့် မွေးနေ့ ပွဲကျင်းပ

 
ကျေးဇူးတော်ရှင် ဝါဆိုဆရာတော်ဘုရားကြီး သက်တော် (၉၅) နှစ်ပြည့် မွေးနေ့ ဝိဇာတမင်္ဂလာ အထိမ်းအမှတ် ကုသိုလ်တော်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပ
နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင် နိကာယာဓိပတိ ဥက္ကဋ္ဌ၊ မဟာနာယက၊ ဓမ္မ သေနာပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓဇောတိက ကျေးဇူးတော်ရှင် ရွှေကျင်သာသနာပိုင် သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီး ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ်မြတ်ကြီးရဲ့ သက်တော် (၉၅) နှစ်ပြည့် မွေးနေ့ ဝိဇာတမင်္ဂလာပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၌ ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့မင်္ဂလာ ရက်မြတ်ရတနာကို သုံးရက်တိုင်ကျင်းပမှာဖြစ်ပြီး ဧည့်ခံပွဲများ၊ အထူးတရားပွဲများဖြင့် ထူးခြားစွာ ကျင်းပမှာဖြစ်ကြောင်း၊ သံဃာ့ပရိသတ် လူပရိသတ်အား တနေ့တာ အာဟာရ ဆက်ကပ် လှူဒါန်း ကျွေးမွေးဧည့်ခံခြင်းကို ၂၀၁၂၊ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပမှာဖြစ်ကြောင်း၊ မေလ ၁၀ ရက်နေ့တွင် တိပိဋကဓရ ယောဆရာတော်ကိုယ်တိုင် ကြွရောက် ချီးမြှောက်မှာဖြစ်ပါတယ်။ အဆိုပါမွေးနေ့ပွဲသို့ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) လည်း တက်ရောက်ခဲ့ကြောင်း၊ မွေးနေ့ပွဲ ဒုတိယနေ့နဲ့ တတိယနေ့များတွင် အရှင်ဝီရသူ (မစိုးရိမ်) ဟောကြားတဲ့ အမျိုးသားရေး၊ နိုင်ငံရေး၊ သာသနာရေး၊ ဘာသာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ တရားတော် စီဒီအချပ် နှစ်ထောင်ကို သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီးအား ပူဇော်တဲ့အနေဖြင့် ကြွရောက်လာတဲ့ သံဃာ့ပရိသတ် လူပရိသတ်အား လှူဒါန်းမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
သက်တော်ရှည် ဝါဆိုဆရာတော်ဘုရားကြီးဟာ အရှင်ဝီရသူတို့ အကျဉ်းကျနေစဉ် အရှင်ဝီရသူနဲ့ အရှင်ဝီရသူရဲ့ ဆရာ ဦးဇနိတာဘိဝံသတို့ အဖွဲ့သားအားလုံး လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အမြဲတမ်း ကြိုးပမ်း အားထုတ်ခဲ့သူဖြစ်ကြောင်း၊ ထောင်ထဲအထိ ကြွရောက်ပြီး တရားဟောခြင်း၊ သြဝါဒပေးခြင်း၊ အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ထောင်အာဏာပိုင်များထံ အပ်နှံခြင်းများ ပြုလုပ်ကာ လွန်စွာ ဂရုစိုက်သူဖြစ်ကြောင်း၊ ထောင်ထဲသို့ကြွ၍ တရားဟောစဉ် အရှင်ဝီရသူတို့ ဆရာတပည့်ကို မကြည့်ရက်၍ မျက်ရည်ဖြိုင်ဖြိုင်ကျကာ စကားမပြောနိုင်တော့တဲ့အထိ ခံစားခဲ့ရဖူးသူဖြစ်ကြောင်း၊ ဆရာတော်ကြီး မျက်ရည်ကျပုံကို တွေ့မြင်ရတဲ့ ဝန်ထမ်းများနှင့် အကျဉ်းသားအားလုံး စိတ်ထိခိုက်ကြရကြောင်း၊ “သာသနာပိုင်လည်း သာသနာကို မပိုင်တော့ပါဘူးကွာ” ဆိုတဲ့ ဆရာတော်ကြီးစကားနဲ့ “သာသနာပိုင်ကျသည့် မျက်ရည်” အမည်ရှိ ဆောင်းပါးတို့ဟာ လွန်စွာ ထင်ရှားခဲ့ကြောင်းလည်း သိရပါတယ်။
ဓါတ်ပုံသတင်း - ဝါဆိုဆရာတော်ဘုရားကြီး သက်တော် (၉၅) နှစ်ပြည့် မွေးနေ့ ဝိဇာတမင်္ဂလာ - May 10 2012 02:51 AM EST

No comments:

Post a Comment