အပြင်အောင်ခြင်း ၈-ပါး
- မာန်နတ်ကို အောင်တော်မူခြင်း။
- နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမနိုင်တဲ့ နည်းဥပဒေသများအား ညွန်ကြားတော်မူပြီး အောင်တော်မူခြင်း။
- သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်း။
- ဗကဗြဟ္မာကြီးကို နှိမ်နင်းဆုံးမကာ အောင်တော်မူခြင်း။
- အင်္ဂုလိမာလကို အောင်တော်မူခြင်း။
- စိဉ္စမာဏ၀ိကာ၏ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း။
- အာဠ၀ကဘီလူးကို အောင်တော်မူခြင်း။
- နာဠာဂီရိဆင်ကို အောင်နိုင်ခြင်း။
မာန်နတ်ကို အောင်တော်မူခြင်း။
ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်မှာ သုဇာတာ လှူဒါန်းတဲ့
နို့ဃာဆွမ်းကို လက်ခံပြီး၊ နေရဉ္ဖရာမြစ်ဆီသို့ သွားပါတယ်။ ထိုမြစ်ရဲ့
တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်မှာ ရေချိုးတော်မူပြီး
အေးမြတဲ့သစ်ပင်အရင်းမှာ ထိုင်ကာ နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏ ခန့်
(ထန်းသီးအစေ့အရွယ်)ကို ၄၉ လုပ်ဘုဉ်းပေးပါတယ်၊ အဲဒီမှာ ဆွမ်းအလုပ်တိုင်းမှာ
နတ်ဗြဟ္မာများက လူနတ်များစားနိုင်တဲ့ သြဇာများ ထည့်ထားပါတယ်။ ဒါကြောင့်လည်း
ဘုရားဖြစ်ပြီး ၄၉ ရက်ကြာတဲ့အထိ ဘာမှမစားဘဲ နေတော်မူနိုင်ခြင်း ဖြစ်ပါတယ်။
သို့နှင့် မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ
“ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာဖြိုဖျက်တော်မူ ရာ နေရာဖြစ်တယ်” လို့
သိတော်မူပြီး ပါလာတဲ့ မြက်ရှစ်ဆုပ်ကို အဖျားက ကိုင်ကာ ကြဲဖြန့်လိုက်တာနဲ့
မြက်များကွယ်ပျောက်ပြီး ရတနာ ပလ္လင်တော်အသွင် ဖြစ် တည်ရှိခဲ့ပါတယ်။
ဘုရားအလောင်းတော်ဟာ မဟာဗောဓိပင်ကို နောက်ခံထားကာ အရှေ့ဖက်ကို
မျက်နှာမူပြီး ရတနာပလ္လင်ပေါ်တွင် ထက်ဝယ်ဖွဲ့ ခွေ ထိုင်တော်မူခါ “ အရေ
ကျန်လိုက ကျန်ပါစေ၊ အကြောကျန်လိုက ကျန်ပါစေ၊ အရိုးကျန်လိုက ကျန်ပါစေ၊
ငါတကိုယ်လုံး အသားသွေး တွေ ခမ်းခြောက်လိုက ခမ်းခြောက်ပါစေ ဘုရားမဖြစ်သမျှ
ဒီနေရာက မထတော့ပြီ” လို့ အင်္ဂါလေးပါးရှိတဲ့ ၀ီရိယတရားတို့ဖြင့် ထိုင်နေတော်
မူပါတော့တယ်။ အဲဒီအခါမှာ သိကြားအစရှိတဲ့ နတ်ဗြဟ္မာများက
ပူဇော်မှုအမျိုးမျိုးတို့ဖြင့် ပူဇော်ကြပါတယ်။(ပူဇော်ပုံကို မရေးတော့ပြီ)
ထိုအခါ ၀သ၀တ္တီနတ်ပြည်သား မာရ်နတ်ဟာ နတ်စည်းစိမ်ကို စွန့်ပယ်ပြီး
ဘုရားအလောင်းတော် ဒုက္ကစရိယာ ကျင့်စဉ်ကတည်းက ဘုရားအလောင်းတော်ရဲ့ စိတ်မှာ
ဘယ်အခါ ကာမ၀ိတက်များ ဖြစ်မလဲဆိုတာ အပင်ပန်းခံကာ စောင့်ကြည့်နေခဲ့ပေမဲ့
ဘာမှဖြစ်မလာခဲ့ဘူ။ “ဒီနေ့မှာတော့ ဘုရားအလောင်းတော်ဟာ ဗောဓိမဏ္ဍိုင်ကို
ရောက်ခဲ့ပြီ၊ ငါ့ရဲ့ ဘုံသုံးပါးဆိုတဲ့ နယ်ပယ်ကနေ ဘယ်နည်းနဲ့မှ အလွတ်မြောက်
မခံနိင်ဘူး” လို့ တွေးကာ ၀သ၀တ္တီနတ်ပြည်က သူ့အခြံအရံ နတ်သားများကို
ခေါ်လာပြီး “ အမောင်တို့…လက်နက်အမျိုးမျိုးယူပြီး ဘုရားအလောင်းတော်အား
တိုက်ခိုက်ကြ” လို့ ပြောခဲ့သလို သူ့ကိုယ်တိုင်ကလည်း ယူဇနာ ၁၅၀ ရှိတဲ့
ဂီရိမေခလာ ဆင်ကိုစီးကာ လက်ရုံးတစ်ထောင်ကို ဖန်ဆင်းပြီး၊ လက်ရုံးတစ်ခုမှာ
လက်နက်တစ်မျိုးဖြင့် ယူဆောင်လာခဲ့ပါတယ်။
ဒီအချိန်တုန်းက မာရ်နတ်စစ်တပ်ကြီးမှာ အလွန်များလှပါတယ်။ အရှေ့ဖက်က
၁၂ ယူဇနာ၊ လက်ဝဲ ဖက် ၁၂ ယူဇနာ၊လက်ျာ ဖက် ၁၂ ယူဇနာ၊ အထက်ကို ၉ ယူဇနာအထုရှိ
များပြားလှတဲ့ မာရ်နတ်စစ်သည်တို့ဖြင့် ကြောက်မက်ဖွယ်ရာပုံသဏ္ဍာန်များ
ဖန်ဆင်းကာ ညာသံပေးပြီး ဘုရားလောင်းရှိရာ မဟာဗောဓိမဏ္ဍိုင်သို့ လာခဲ့ကြပါတယ်။
များပြားလှတဲ့ မာရ်နတ်စစ်သည်များ ချီတက်လာတဲ့အခါ ဘုရားအလောင်းအား
ပူဇော်နေကြတဲ့ နတ်များအနက် သိကြားမင်းဟာ နေရာမှာ ရပ်တည်မနိုင်တော့ဘဲ
ခရုသင်းကို ကျောမှာ ပိုးပြီး ပြေးလွှားကာ စင်္ကြာဝဠာအနားရေးမှာ ရပ်နေရပါတယ်။
ဗြဟ္မာမင်းကတော့ ဒီနေရာမှာ မနေနိုင်တော့ဘဲ ထီးဖြူကို စင်္ကြ၀ဠာတိုက်စွန်းမှာ
ပစ်ချခဲ့ကာဗြဟ္မာ့ပြည်ကို ပြန်သွားခဲ့ပါတယ်။ နောက်ဆုံး မဟာဗောဓိမှာ
ဘုရားအလောင်းတော် တစ်ပါးတည်းသာ ကျန်ခဲ့တော့တယ်။
မာရ်နတ်ကလည်း တိုက်ခိုက်ရန်အတွက် ရှေ့နောက်ဝဲယာမှ များပြားလှတဲ့
စစ်သည်များကို “ရဟန်းဂေါတမကို တိုက်ကြ” လို့ အမိန့်ပေးပါတယ်။ အဲဒီမှာ
ဘုရားအလောင်းတော်ဟာ ဖြည့်ကျင့်လာခဲ့တဲ့ ပါရမီကုသိုလ်များကို
ဆင်ခြင်စဉ်းစားနေပါတော့တယ်။
မာရ်နတ်များဟာ ဘယ်လောက်ပင် တိုက်ခိုက်ပါသော်လည်း ဘုရားအလောင်းတော်ရဲ့
ပါရမီကုသိုလ်တော်ကို မယှဉ်နိုင်တဲ့အတွက် တိုက်ခိုက်တိုင်း
နောက်ပြန်ဆုတ်လာခဲ့ရပါတယ်။
မာရ်နတ်စစ်သည်တို့ ပြုလုပ်သမျှသော အရာမှန်သမျှကို ဘုရားအလောင်းတော်က
မေတ္တာ တော်အစွမ်းနဲ့ ပယ်ရှားတော်မူခဲ့ပါတယ်။
(မာရ်နတ်တိုက်ခိုက်ပုံအကျယ်ကို မပြောတော့ပြီ) နောက်ဆုံးမှာ
မာရ်နတ်အပေါင်းဟာ ၀သ၀တ္တီနတ်ပြည်ကို ပြေးရပါလေတော့တယ်။ ဒါဟာ ဘုရားရှင်က
ဝသ၀တ္တီနတ်ပြည်သား မာရ်နတ်တို့ကို အောင်မြင်ပုံ၊ ပထမအောင်ခြင်းဖြစ်ပါတယ်။
[1]
နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမနိုင်တဲ့ နည်းဥပဒေသများအား ညွန်ကြားတော်မူပြီး အောင်တော်မူခြင်း
အခါတစ်ပါး ဘုရားရှင်ဟာ နံနက်မိုးသောက် လင်းခါနီးအချိန်မှာ
လောကဓါတ်တစ်ခွင်ကို ကြည့်ရှုတော်မူတဲ့အခါ နန္ဒေပနန္ဒနဂါးမင်းကို မြင်ပါတယ်။
နဂါးမင်းရဲ့ ရှေးကုသိုလ်ဥပနိဿယ ရှိ/မရှိ ကြည့်တော်မူတဲ့အခါ နဂါးမင်းဟာ
ရတနာသုံးပါးကို ကြည်ညိုမှု မရှိ၊ မိစ္တာအယူရှိတာကို မြင်တော်မူတယ်။
ဒီမိစ္တာအယူကို ဘယ်သူ ချေချွတ်နိုင်မလဲ လို့ ဆင်ခြင်ကြည့်တဲ့အခါ
အရှင်မဟာမောဂ္ဂလန်ကို မြင် တော်မူပါတယ်။
သို့နှင့်နံနက်စောစောအချိန်ရောက်တော့ ကိုယ်လက်သုတ်သင်တော်မူပြီး “
ချစ်သားအာနန္ဒာ…ငါဘုရား တာဝတိံသာနတ်ကို သွားမယ်၊ ရဟန်းတော် ငါးရာကို
ပြောကြားထားပေးပါ” လို့ အာနန္ဒာအား စေခိုင်းလိုက်ပါတယ်။
ထိုနေ့မှာ နတ်နဂါးများက နန္ဒောပနန္ဒနဂါးမင်းရဲ့ သေသောက်ပွဲသဘင်
(အရက်သောက်ပွဲသဘင်)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အဲဒီအခါမှာ
ဘုရားရှင်က နဂါးမင်း မြင်သာအောင်ဆိုပြီး သူ့ရဲ့ ဗိမာန်အထက် ကောင်းကင်ခရီးမှ
ကြွတော်မူကြတယ်။ ထိုခြင်းအရာကို မိစ္ဆာအယူရှိတဲ့ နဂါးမင်းက မြင်တော့
“ဦးပြည်းကတုံး ရဟန်းယုတ်တွေဟာ ငါ့ ဦးခေါင်းပေါ်ကနေ တာဝတိံသာကို
အ၀င်အထွက်လုပ်နေကြတယ်။ ငါ့အပေါ်လည်း ခြေမှုန့်တွေ ကြတယ်။
ဒီနေ့ကစ ဒီဦးပြည်းတွေကို သွားခွင့်မပေးတော့ဘူး” လို့ ကြုံးဝါးကာ
နဂါးမင်းရဲ့မူလကိုယ်အသွင်ကို စွန့်ပြီး ကြီးမားလှတဲ့ ခန္ဓာကိုယ်အဖြစ်
ဖန်တီးပြီး၊ မြင့်မိုရ်တောင်ကို သူ့ကိုယ်နဲ့ ခုနှစ်ပတ်ပတ်ကာ
ပါးပျဉ်းကြီးနဲ့ တာဝတိံသာကို မမြင်ရအောင် ဖုံးအုပ်ထားပါတယ်။
ထိုအခါ အရှင်ရဋ္ဌပါလက ဘုရားအား” မြတ်စွာဘုရား…..အရင်က ဒီအရပ်ကို ရောက်တဲ့အခါ
မြင့်မိုရ်တောင်၊ တောင်ရံခုနှစ်လုံး၊ တာဝတိံသာနတ်ပြည်၊ သိကြားမင်းရဲ့
ဝေဇယန္တာပြာဿဒ်၊ ထိုပြာဿာဒ်အထက်မှာ အလံကို စိုက်ထူထားပါတယ်။ အခုတော့
ဒါတွေအား မမြင်ရဘူးဘုရား၊ ဒါတွေ မမြင်ရတဲ့အကြောင်းက ဘယ်လိုပါလဲဘုရား” လို့
မေးလျှောက်သောအခါ ဘုရားရှင်က….
“ ရဋ္ဌပါလ……ငါဘုရားတို့ ဒါတွေကို မမြင်ရတာက နန္ဒောပနန္ဒနဂါးမင်း ငါတို့အပေါ်
ဒေါသထွက်ပြီး သူ့ရဲ့ ပါးပျဉ်းကြီးနဲ့ တာဝတိံသာနတ်ပြည်ကို မိုးအုပ်ထားလို့
မမြင်တာဖြစ်တယ်” လို့ မိန့်တော်မူတဲ့အခါ… အရှင်ရဋ္ဌပါလက ဒီနဂါးမင်းကို
သူဆုံးမပါရစေ လို့ ခွင့် တောင်းပါတယ်။ ဘုရားရှင်က ဆုံးမခွင့် မပြုဘူး၊
နောက် အရှင်ဘဒ္ဒိယ၊အရှင်ရာဟုလာစတဲ့ အစဉ်အတိုင်း ခွင့်တောင်းသော်လည်း
ခွင့်မပြုခဲပါဘူး။ နောက်ဆုံး အရှင်မဟာမောဂ္ဂလန်မထေရ် လျှောက်ထားမှာ
ခွင့်ပြုတော်မူပါတယ်။
အရှင်မဟာမေဂ္ဂလန်ဟာ မူလကိုယ်အသွင်ကို စွန့်ပြီး နဂါးမင်းအသွင် ဖန်ဆီးကာ
နန္ဒောပနန္ဒနဂါးမင်းရဲ့ ခန္ဓာကိုယ်အပြင်ဖက်က နေ တစ်ဆယ့်လေးပတ် ရစ်ပတ်ကာ
မြင့်မိုရ်တောင်ကြီးဖြင့် ဖိကြိတ်ပါတော့တယ်။ အဲဒီအခါ နန္ဒောပနန္ဒနဂါးမင်းကို
ပါးစပ်ကနေ အခိုးမုတ် လွတ်ပါတယ်။ အရှင်မဟာမောဂ္ဂလန်ကလည်း နဂါးမင်းထက်
အဆပေါင်းများစွာသာတဲ့ အခိုးလွတ်လိုက်တဲ့အတွက် နဂါးမင်းရဲ့အခိုးက
အရှင်မောဂ္ဂလန်ကို မနှိပ်စက်နိုင်ခဲ့ပါဘူး။ နောက် နဂါးမင်းက မီးလျှံကို
လွတ်တဲ့အခါ မထေရ်မြတ်က ထိုထက်သာတဲ့ မီးလျှံကိုလွတ်လိုက်တဲ့ အတွက်
မထေရ်မြတ်ကို နဂါးမင်းရဲ့ မီးလျှံက မနှိပ်စက်နိုင်ခဲ့ပါဘူး။
ထိုအခါနဂါးမင်းက “ ငါ့ကို မြင့်မိုရ်တောင်နဲ့လည်း ကြိတ်ချေတယ်၊
အခိုးလွတ်၊မီးလျှံလည်းလွတ်တာဟာ ဘယ်သူပါလဲ” လို့ တဲ့အခါ မထေရ်မြတ်က
အရှင်မဟာမောဂ္ဂလန်ဖြစ်ကြောင်း ပြောပါတယ်။ နဂါးမင်းက ဒီလိုဆိုရင်
ရဟန်းအသွင်နဲ့ တည်နေဖို့အကြောင်း ပြောပါတယ်။ မထေရ်မြတ်လည်း
နဂါးအသွင်ပယ်စွန့်ကာ ပကတိအသွင်ဖြင့် နဂါးမင်းရဲ့ လက်ျာနားက ၀င်ကာ လက်ဝဲနားက
ထွက်၊ လက်ဝဲနားက၀င်ပြီး၊ လက်ျာနားကထွက်ပါတယ်၊ ထို့အတူ
လက်ျာနှာခေါင်းပေါက်မှ ၀င်ကာ လက်ဝဲနှာခေါင်းပေါက်က ထွက်ပါတယ်။ နဂါးမင်းက
ပါးစပ်ဖွင့်လိုက်တဲ့အချိန်မှာလဲ မထေရ်မြတ်ဟာ ပါးစပါကနေတဆင့်
ဝမ်းဗိုက်ထဲဝင်ကာ လူးလားခေါက်တုတ် စင်္ကြန်လျှောက်နေ တော်မူလိုက်ပါတယ်။
ဒီအချိန်မျာ ဘုရားရှင်က မထေရ်အား “ ချစ်သားမောဂ္ဂလန် ကြပ်ကြပ်
နှလုံးသွင်းပါ။ နဂါးမင်းဟာ အလွန်တန်ခိုးကြီးသူဖြစ်တယ်” လို့
သတိပေးတော်မူခဲ့တယ်။ ထိုအခါ မထေရ်မြတ်က “ မြတ်စွာဘုရား ..တပည့်တော်ဟာ
ဣဒ္ဒိပါဒ်လေးပါးကို ၀သီဘော်ငါးခုဖြင့် နိုင်နင်းအောင် ပွားများထားပြီး
ဖြစ်ပါတယ်ဘုရား၊ နဂါးမင်းတစ်ကောင်ကို မဆိုထားပါနဲ့ သူ့လို အကောင်အပေါင်း
အရာအထောင်ကိုလည်း ဆုံးမနိုင်ပါတယ်ဘုရား” လို့ ဘုရားရှင်အား လျှောက်ပါတယ်။
နဂါးမင်းက “ ဒီရဟန်းကို ဗိုက်ထဲက ထွက်လာအောင်လုပ်ပြီး အစွယ်ကြားထားက
ကျွတ်ကျွတ်ပါအောင် ၀ါးစားပစ်မယ်” ဆိုတဲ့ အကြံနဲ့ မထေရ်မြတ်အား နဂါးမင်းက
အပြင်သို့ ခေါ်ထုတ်ပါတယ်။ မထေရ်မြတ်အပြင်ထွက်လာပြီး ရပ်နေဆဲခဏမှာ နဂါးမင်းက
နှာခေါင်းလေနဲ့ မှုတ်ပါတော့တယ်။ မထေရ်မြတ်လည်း လျင်မြန်တဲ့အဟုန်ဖြင့်
စတုတ္ထဈာန်ဝင်စားပြီး ကာကွယ်လိုက်နိုင်ပါတယ်။ ဒါကြောင့် နဂါးမင်းရဲ့
နှာခေါင်းလေဟာ မထေရ်မြတ်ရဲ့ မွေးညင်းပေါက်ကိုမျှ မထိခိုက်နိုင်ခဲ့ပါ။
(ဒီနေရာမှာ ဘုရားနှင့်မထေရ်မြတ်မှတစ်ပါး တစ်ခြားသူဆိုရင် သမာပတ်ကို
မထေရ်မြတ်လို လျင်မြန်စွာ ၀င်စားနိုင်ကြမယ်မဟုတ်ပါ။ ဒါကြောင့်
တစ်ခြားသူများ ဆုံးမတာကို လက်မခံဘဲ ၊ အရှင်မဟာမောဂ္ဂလန်ကို ဘုရားရှင်
ခွင့်ပြုခဲ့ရတာပါ)
မထေရ်မြတ်ဟာ ပကတိကိုယ်အသွင်ကိုစွန့်ကာ ဂဠုန်မင်းအသွင်ဖန်ဆင်းပြီး နဂါးကို
အစဉ်တစိုက် လိုက်ပါတယ်။ နဂါးမင်းလည်း ပြေးမလွတ်နိင်တဲ့အဆုံး
သူရဲ့အတ္တဘောကိုစွန့်ကာ လုလင်အသွင်ဖြင့် “အရှင်ဘုရား….အရှင်ဘုရားဟာ
တပည့်တော်ရဲ့ ကိုးကွယ်ရာ ဖြစ်တော်မူပါဘုရား”လို့ ပြောလျှက် မထေရ်မြတ်ရဲ့
အခြေအစုံကို ရှိခိုးလျှက် နေပါတော့တယ်။ ဒီလို နဂါးမင်းကို ယဉ်ကျေးစေပြီး
ဘုရားရှင်ထံတော်သို့ သွားကြပါတယ်။ နဂါးမင်းလည်း ဘုရားရှင်ထံအရောက်တော့ “
အရှင်ဘုရား…….တပည့်တော်ရဲ့ကိုး ကွယ်ရာ ဖြစ်တော်မူပါလော့” လို့ လျှောက်ပြီး
ရိုသေစွာ ရှိခိုးပါတယ်။ ဘုရားရှင်ကလည်း “ အသင်နဂါးမင်း ကာယသုခ စိတ္တသုခ
နှစ်ပါးနဲ့ ပြည့်စုံပါစေ” လို့ မိန့်တော်မူကာ အနာထပိဏ်သူဋ္ဌေးအိမ်သို့
ကြွတောမူပါတယ်။
ဒါကတော့ အရှင်မဟာမောဂ္ဂလန်အား နည်းပေးညွန်ပြပြီး နဂါးမင်းအား ဆုံးမကာ
အောင်တော်မူခန်းဖြစ်ပါတယ်။
သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်း
ဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ
သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့
ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး ၊ စကားပြိုင်ဆိုင်ပြီး
ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူ့ဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး
ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့
သတ်မှတ်ထားကြပါတယ်။
သစ္စကပရိဗိုဇ် က “ ငါ စကားပြိုင်ဆိုင်ပြောဆို အပြစ်တင်တဲ့အခါ စိတ်မရှိတဲ့
တုံးတိုင်များတောင်မှာ ယိမ်းယိုင်သွားရတယ်၊ စိတ်ရှိ တဲ့ လူအပေါင်း ဆိုရင်
ပြောစရာမရှိတော့ဘူး” လို့ ကြွေးကျော် ပြောဆိုနေပါတယ်။
တစ်နေ့နံနက် အရှင်အဿဇိဟာ ဝေသာလီပြည်အတွင်း ဆွမ်းခံဝင်ပါတယ်။ ဒါကို သစ္စက
ပရိဗိုဇ်က မြင်တယ်။ သူဟာ အရှင်အဿဇီ အနီးသွားကာ ၀မ်းမြောက်ဖွယ်
နှုတ်ဆက်စကားဆိုပြီး “ အို….အဿဇိ… ရဟန်းဂေါတမဟာ တပည့်သာဝကတို့အပေါ် ဘယ်လို
များ ဆုံးမထားပါသလဲ၊ ဘယ်လို အစိတ်အပိုင်းမျိုးကို ညွန်ကြားထားပါသလဲ” လို့
အရှင်အဿဇိအား မေးပါတယ်။ ထိုအခါ အရှင်အဿဇိက “ဘုရားရှင်က
တပည့်သာဝကတို့အပေါ်မှာ ဆုံးမညွန်ကြားထားတဲ့တရာများ များစွာရှိပါတယ်၊
ဘုရားရှင်က….
ရဟန်းတို့ ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်ဆိုတဲ့ တရားစုများဟာ
အမြဲမရှိဘူး၊ ဒီခန္ဓာငါးပါးဟာ ကိုယ် အတ္တမဟုတ်ပါ။ အဲဒီလို ဘုရားရှင်က
တပည့်သားသာဝကများအား ဆုံမ ညွန်ကြားထားပါတယ် “ လို့ သစ္စကအား ပြောပြတယ်။
သစ္စက “ အို…အဿဇိ ဒီစကားဟာ မတော်မလျော်ပါဘူး၊ ရဟန်းဂေါတမက ဒီလိုပြောတယ်ဆိုတာ
မသင့်လျော်ပါဘူး၊ တစ်ချိန်ချိန်မှာ ရဟန်းဂေါတမနှင့်
စကားပြိုင်ဆိုင်ပြောရရင်ကောင်းမယ်၊ ဒါမှလည်း ရဟန်းဂေါတမဟာ ယုတ်ညံ့တဲ့
အယူဒိဋ္ဌိမှ ကင်းစင်နိုင်လိမ့်မယ်” ဆိုပြီး သူ့ကိုယ်သူ
ပညာရှိသူတော်ကောင်းဟန်ဖြင့် အပြစ်တင်စကားဆိုခဲ့ပါတယ်။
အဲဒီအခါမှာ လစ္ဆ၀ီမင်း ငါးရာတို့ဟာ စည်းဝေးပွဲတစ်ခု ကျင်းပနေပါတယ်၊ သစ္စကဟာ
စည်းဝေးပွဲအနီး ချည်းကပ်ပြီး “အို…လစ္ဆ၀ီမင်းတို့ ထွက်လာခဲ့ကြ၊ ဒီနေ့ ငါဟာ
ရဟန်းဂေါတမနဲ့ စကားပြိုင်ဆိုင် ပြောဆိုဖို့ ရှိတယ်၊ စကားပြိုင်မဲ့ နေရာကို
ငါနဲ့အတူ သွားကြစို့ရဲ့” လို့ဆိုပြီး ပြောဆိုစည်းရုံးပါတယ်။ အချို့
လစ္ဆ၀ီမင်းများက “ သစ္စကဟာ ရဟန်းဂေါတမကို စကားပြိုင်ဆိုင်
ပြောဆိုနိုင်လိမ့်မယ်” လို့ ပြောနေကြသလို အချို့လစ္ဆ၀ီမင်းများက “
ဘုရားရှင်ကို စကားပြိုင်ပြောဆိုနိုင်လောက်အောင် သစ္စက က ဘယ်လိုလူစားမျိုးလဲ ၊
ဘုရားရှင်ကသာ သစ္စကအား စကားပြောဆိုပြိုင်နိုင်ပါလိမ့်မယ်” လို့ အမျိုးမျိုး
ဝေဖန်ပြောဆိုနေကြပါတယ်။
သို့နှင့် သစ္စကပရိဗိုဇ်ဟာ လစ္ဆ၀ီမင်း ငါးရာ ခြံရံပြီး မဟာဝုန်တော
ပြာဿာဒ်ကျောင်းအနီးသို့ လာခဲ့ကြပါတယ်။ ကျောင်းအနီးရောက်တယ်ဆိုရင်ပဲ
ဘုရားရှင်ရှိရာသို့ သွားကာ သင့်တင့်တဲ့ နေရာမှာ ထိုင်ပြီး ဘုရာရှင်အား
ဝမ်းမြောက်စရာစကားများ ပြောဆိုပါတယ်။ သစ္စကပရိဗိုဇ်က “အရှင်ဂေါတမ… တကယ်လို့
ပြဿနာများကို မေးခွင့်ပြုမယ်ဆိုပါရင်၊ တစ်စုံတစ်ခုသော ပြဿနာကို
မေးမြန်းလျှောက်ထားလိုပါတယ်” လို့ ဘုရားရှင်အား လျှောက်တဲ့အခါ ဘုရားရှင်က “
သင်မေးလိုက မေးနိုင်ပါတယ်” လို့ မိန့်တော်မူပါတယ်။
ထိုအခါ သစ္စကက “ အရှင်ဂေါတမ….. အရှင်ဂေါတမရဲ့ တပည့်များကို ဘယ်လို ဆုံးမ
ညွန်ကြားတော်မူပါသလဲဘုရား” ။
ဘုရားရှင် “ အဂ္ဂိဝေဿန…. လောကမှာ ရုပ်တရားဟာ အမြဲမရှိသလို အတ္တလည်းမဟုတ်ပါ။
ထို့အတူ ခံစားမှုဝေဒနာ၊ မှတ်သားမှု သညာ၊ ပြုပြင်စီရင်မှု သင်္ခါရ၊ သိမှု
ဝိဥာဏ်တို့လည်း အမြဲမရှိ၊ အတ္တလည်း မဟုတ်ပါ လို့ ဆုံးမညွန်ကြားပါတယ်” ။
သစ္စက “ အရှင်ဂေါတမ….အရှင်ပြောတာနဲ့ပတ်သက်ပြီး ကျွန်ပ် ဥပမာတစ်ခုထင်လာပါတယ်”
ဘုရားရှင် “ ပြောနိုင်ပါတယ် အဂ္ဂိဝေဿန”။
သစ္စက “ ဥပမာ…မျိုးစေ့နဲ့ သစ်ပင်အားလုံးဟာ မြေကြီးကို အမှီပြုပြီး
တိုးပွား၊စည်ပင်၊ပြန့်ပြောကြရတယ်။ ထို့အတူ လောကမှာ ရုပ်ကို ‘ကိုယ်’ လို့
အယူရှိကြတဲ့သူများဟာ ရုပ်မှာ တည်ပြီး ကုသိုလ်/ အကုသိုလ်ဖြစ်ကြပါတယ်။
ထို့အတူ ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ကို ‘ကိုယ်’ လို့ အယူရှိကြတဲ့ သူများဟာ
ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့မှာ တည်ပြီးကုသိုလ် /အကိုသုလ် ဖြစ်ကြပါတယ်”။
ဘုရားရှင် “ အဂ္ဂိဝေဿန…သင်က ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ကို အတ္တ
လို့ဆိုလိုတာလား၊ ရှင်းရှင်းပြောပါ”။
သစ္စက “ ဟုတ်ပါတယ်၊ ကျွန်ပ်သာမဟုတ်၊ လောကလူအများဟာလည်း ဒီလိုပဲ အတ္တ လို့
အယူရှိကြပါတယ်”
ဘုရားရှင် “ အဂ္ဂိဝေဿန…. ဒိကိစ္စမှာ လူအများနဲ့ ဘာမှမဆိုင်ဘူး၊ လူအများကို
ဆွဲမထည့်ပါနဲ့၊ ကိုယ့်ဝါဒကိုသာ ကိုယ် ဖြေရှင်းရမယ်”
သစ္စက “ အရှင်ဂေါတမ…ဒီလိုဆိုလဲ ကောင်းပါပြီ်၊ ခန္ဓာငါးပါးဟာ အတ္တ ဆိုတာ
ကျွန်ပ်ရဲ့ အယူဝါဒပါ”။
ဘုရားရှင် “ ကောင်းပြီ…ဒါဆိုရင် သင့်ကိုမေးမယ်၊ သင် အဆင်ပြေသလို
ဖြေနိုင်တယ်၊ ကောသလမင်း၊ အဇာတသတ်မင်းစတဲ့ အစိုးရမင်းများဟာ
သတ်ဖြတ်သင့်တဲ့သူများကို သတ်ဖြတ်ဖို့၊ ဥစ္စာဆုံးရှုံးထိုက်တဲ့သူများကို
ဥစ္စာများဆုံးရှုံးစေဖို့၊ နှင်ထုတ်ထိုက်သူကို နှင်ထုတ်ဖို့အတွက်
မိမိနိုင်ငံမှာ မိမိ အမိန့်အာဏာနဲ့ စီရင်ပိုင်ခွင့် မရှိဘူးလား”။
သစ္စက “ အရှင်ဂေါတမ….အစိုးရမင်းများဟာ မိမိနိုင်ငံမှာ မိမိစီရင်ပိုင်ခွင့်
အာဏာရှိကြပါတယ်” ။
ဘုရားရှင် “ အဂ္ဂိဝေဿန… ဒါဆို ငါမေးမယ်၊ ရုပ်တရားဟာ ‘အတ္တ’ လို့သင်ဆိုတယ်။
ဒါဆိုရင် ဒီရုပ်တရားကို ဒီလိုဖြစ်ပါစေ၊ ဟိုလို မဖြစ်ပါစေနဲ့ လို့ အမိန့်
အာဏာထားနိုင်ပါသလား” လို့ မေးသောအခါ သစ္စကပရိပိုဇ်ဟာ ဘာမှ မဖြေနိုင်ဘဲ
ဆိတ်ဆိတ်ပဲ နေလိုက်တော့ တယ်။ ဒုတိယအကြိမ် ထပ်မံမေးပြန်တော့လည်း
ဘာမှမပြောနိုင်ရှာတော့ပါ။ သစ္စကဟာ ဒီလို ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့အတွက်
ဘုရားရှင်က “ အဂ္ဂိဝေဿန…. ငါဘုရားမေးတာကို ဖြေလိုက်ပါ၊ ဆိတ်ဆိတ်မနေပါနဲ့၊
တကယ်လို့ ငါဘုရားက သုံးကြိမ်မေးလို့မှ ပြန်မဖြေဘဲ ဆိတ်ဆိတ်နေတဲ့သူဟာ
နေရာတင်ပဲ ဦးခေါင်း ခုနှစ်စိတ်ကွဲ ရလိမ့်မယ်” လို့ မိန့်တော်မူလိုက်ပါတယ်။
ထိုခဏမှာပဲ သိကြားမင်းဟာ ရဲရဲပြောင်ပြောင် တောက်လောင်နေတဲ့ ၀ရဇိန်လက်နက်ကို
ကိုင်ဆောင်ကာ ကြောက်မက်ဖွယ် ဘီလူးအသွင်နဲ့ သစ္စကတို့နှင့်
မနီးမဝေးကောင်းကင်ပေါ်မှာ ရပ်တည်နေပါတယ်။ ထိုအခြင်းအရာကို ဘုရားရှင်နဲ့
သစ္စကတို့ နှစ်ဦးသာ မြင်ပါ တယ်။ သစ္စကဟာ ဘီလူးကြီးကို မြင်လိုက်တယ်ဆိုရင်ပဲ
ကြောက်ရွံ့ပြီး “ အရှင်ဂေါတမ…မေးပါ ၊ အခုပဲဖြေပါ့မယ်” လို့ လျှောက်ထားပါ
တယ်။
“ အဂ္ဂိဝေဿန…ရုပ်၊ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဥာဏ်တို့ဟာ အတ္တဖြစ်တယ်လို့
သင်ကဆိုတားတာနော်၊ တကယ်လို့ အတ္တ ဖြစ်တယ်ဆိုရင် ဒီခန္ဓာငါးပါးဟာ ဒီလိုတော့
ဖြစ်ပါစေ၊ ဒီလိုတော့ မဖြစ်ပါစေနဲ့လို့ သင်အာဏာထားနိုင်သလား
၊စေခိုင်းနိုင်ပါသလား” လို့ ဘုရားရှင်က မိန့်သောအခါ သစ္စက က “
အရှင်ဂေါတမ….အာဏာမထားနိုင်ပါ၊ မစေခိုင်းနိုင်ပါ” လို့ ပြန်ဖြေပါတယ်။ “
အဂ္ဂိဝေဿန…သင်စဉ်းစားဖြေနော် သင်ပြောတဲ့စကားဟာ ရှေ့စကားနဲ့ နောက်စကား မညီဘူး
ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ နောက်တစ်ခုမေးဦးမယ်။ အဂ္ဂိဝေဿန….ခန္ဓာငါးပါးဟာ
မြဲသလား မမြဲဘူးလား” ။
“ အရှင်ဂေါတမ…ခန္ဓာငါးပါးဟာ မမြဲပါ” ။
“ အဂ္ဂိဝေဿန..ဒါဆိုရင် မမြဲတဲ့တရားဟာ ဆင်းရဲလား ၊ချမ်းသာလား” ဆိုတော့ သစ္စကက
ဆင်းရဲတယ် လို့ဖြေပါတယ်။ “အဂ္ဂဝေဿန…မမြဲ၊ဆင်းရဲ၊ အစိုးမရတဲ့ ဒီခန္ဓာငါးပါးကို
ငါပိုင်တယ်၊ ငါ ဖြစ်တယ်၊ ငါရဲ့ အတ္တ ဆိုပြီး နှလုံးသွင်းလို့
သင့်တော်ပါ့မလား” လို့ မေးတော်မူတော့ “ အရှင်ဂေါတမ …မသင့်တော်ပါ” လို့
ပြန်ဖြေတယ်။
“အဂ္ဂိဝေဿန…. ဆင်းရဲဒုက္ခကို တွယ်တာကပ်ငြိနေသူအား ဒီဆင်းရဲဟာ ငါပိုင်ဖြစ်တယ်၊
ဆင်းရဲဟာ ငါပဲ၊ ဆင်းရဲဟာ ကိုယ် အတ္တ ပဲ ဆိုပြီး ဆင်းရဲကို ရှုရာရောက်
မနေဘူးလား” ။
“ အရှင်ဂေါတမ….ရှုရာရောက်နေပါတယ်” ။
“ အဂ္ဂိဝေဿန…..ဒါဆိုရင် ငါ ဥပမာတစ်ခုပေးမယ်၊ ငှက်ပျောတုန်းကို ဖြတ်ပြီး
ယူလာတဲ့သူဟာ ဒီငှက်ပျော်တုန်းရဲ့ အပတ်ကိုခွာပြီး လွင့်ပြစ်လိုက်မယ်ဆိုရင်
ထိုသူဟာ အကာကို မရနိုင်တော့၊ ငှက်ပျောတုန်းဖြစ်နေတဲ့အတွက် အနှစ်ကား ဘယ်မှာ
ရနိုင်ပါတော့လဲ။ ထို့အတူ သင်ဟာလည်း ၀ါဒပြိုင်တဲ့အခါ
အပြန်အလှန်မေးမြန်းတဲ့အခါ သင်ဟာ အနှစ်တုံးပြီး ကျဆုံးသူသာ ဖြစ်တယ်” လို့
ဘုရားရှင်က မိန့်တော်မူသောအခါ….
သစ္စကဟာ မျက်နှာမသာမယာဖြင့် လက်မှိုင်ချကာ ခေါင်းအောက်စိုက်ချလျက် ကြံရာမရ
ဖြစ်နေပါတော့တယ်။
ထိုအခြေအနေကို သိတဲ့ ဒုမ္မုခလစ္ဆ၀ီမင်းက “ အရှင်ဘုရား… ရွာသူများဟာ ရေကန်ထဲမှ
ဂဏန်းများကို ဖမ်းပြီး ခြေလက်တို့ကို ဖြတ်လိုက်ပါတယ်။ ထိုလက်ခြေတို့ကို
အဖြတ်ခံရတဲ့ ဂဏန်းများဟာ ရေကန်ထဲသို့ တစ်ဖန်ပြန်ဆင်းဖို့ရာ
မဖြစ်နိုင်တော့သလို သစ္စကဟာ လည်း အယူဝါဒ ခြေချောင်းလက်ချောင်းတွေကို
အဖြတ်ခံလိုက်ရတဲ့အတွက် ဘုရားရှင်အား အယူဝါဒမှာ အပြစ်တင်ရန် နောက်တစ်ခါ
မဖြစ်နိုင်တော့ပါ” လို့ လျှောက်ထားပြောဆိုလေတော့တယ်။
ဒါဟာ မြတ်စွာဘုရားရှင်က သစ္စက ပရိဗိုဇ်အား ပညာဖြင့်
အောင်နိုင်လိုက်တာဖြစ်ပါတယ်။
[2]
ဗကဗြဟ္မာကြီးကို နှိမ်နင်းဆုံးမကာ အောင်တော်မူခြင်း
အခါတစ်ပါး ဗကဗြဟ္မာကြီးရဲ့ စိတ်ထဲမှာ မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ပေါ်နေပါတယ်။
သူ့ရဲ့ အယူက “ဒီကိုယ်နှင့်တကွ ဗြဟ္မာလောကကြီး ဟာ တည်တံ့ခိုင်မြဲတယ်။
သီးသန့်ဖြစ်နေပြီး ရွေ့လျောတဲ့သဘောလည်းမရှိ။ ဒီဗြဟ္မပြည်မှာ
ပဋိသန္ဓေနေလာသူမရှိ သလို အိုသူ၊နာသူ၊သေသူလည်းမရှိ၊ ဒီဗြဟ္မပြည်ကနေ အခြား
လွန်မြတ်သော ထွက်မြောက်ရာလည်းမရှိ” လို့ အားကောင်းတဲ့ သဿတမိစ္ဆာဒိဋ္ဌိ အယူ
ဖြစ်ပေါ်နေတယ်။ ဒီအချိန်မှာ ဘုရားရှင်ဟာ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း
အင်ကြင်းပင်ရင်းတွင် သီတင်းသုံးနေခိုက် ဗကဗြဟ္မာကြီးရဲ့ စိတ်အကြံကို
သိတော်မူတဲ့အတွက် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ
အင်ကြင်းပင်ရင်းမှ ကွယ်ပြီး ဗကဗြဟ္မာကြီးရှိရာ ပဌမဈာန် ဗြဟ္မာ့ပြည်ကို
ရောက်တော်မူခဲ့ပါတယ်။
ဗကဗြဟ္မာကြီးက ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦး သူ့ထံရောက်လာတယ်ဆိုတော့
ဝမ်းပမ်းတသာနဲ့ “အရှင်ဘုရား..ကြွလာတာ အလွန်ကောင်းတယ်၊ တပည့်တော်တို့ရဲ့
ဗြဟ္မာ့ဘုံနဲ့ တပည့်တော်တို့ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ မပျက်မစီးတော့ဘဲ
အမြဲတည်တံ့ ထင်ရှားနေပါတယ်၊ တပည့်တော်တို့ဆီမှာ အို၊နာ၊သေ
ဆိုတာတွေလည်းမရှိ၊ အပြည့်အစုံဆုံးဘုံနဲ့ အပြည့်အစုံဆုံး
ခန္ဓာကိုယ်ကိုပြပါဆိုရင် တပည့်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးနဲ့
တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံကိုပဲ ထိုးပြရပါလိမ့်မယ်၊ ကြည့်ကြည့်ပါ
တပည့်တော်တို့ ဘုံထက်သာတာ တွေ့ဖူးခဲ့ရဲ့လား၊ မရှိနိုင်ပါဘူး၊ အရှင်ဘုရား
ကြွလာတာ အလွန်ကံကောင်းတာပဲ” လို့ သူ့ဘုံနဲ့ သူ့ခန္ဓာ သူ့အစွဲလေးကို ထုတ်ပြီး
ကြွားလိုက်တယ်။
ဘုရားရှင်က (အ၀ိဇ္ဇာ ဂတောဝတ ဘောဗကောဗြဟ္မာ) “ ဗကဗြဟ္မာကြီး
မိုက်လုံးကြီးလိုက်တာ၊ အသိဥာဏ်ကင်းမဲ့လိုက်တာ” လို့ မိန့်တော်မူတော့
ဗြဟ္မာကြီးက မခံနိုင်ဘူး။ “မြဲလို့ မြဲတယ်ယူတာ၊ ဟုတ်လို့ ဟုတ်တယ်လို့ ယူတာ၊
မှန်လို့ မှန်တယ် ပြောတာပဲ” လို့ သူက ခံငြင်းလိုက်တယ်။
ဘုရားရှင်က “ ဗက….သင်ဟာ ဒီကနေဘယ်မှ မပြောင်းဘူး၊ ဘယ်ကမှလဲ
လာခဲ့တာမဟုတ်ဘူးလို့ ယူလို့သာ ယူနေတာ၊ သင်ဟာ စတုတ္ထဈာန်ဘုံကနေ
တဖြေးဖြေးဆင်းလာလိုက်တာ၊ သင့်ရဲ့ ဘ၀၊သင့်ရဲ့တန်ခိုး၊
သင့်ရဲ့အစွမ်းသတ္တိတွေကို ငါသိတယ်၊ ကုန်ကုန်ပြောမယ်၊ သင့်အကြောင်း
ငါအကုန်လုံးသိတယ်” လို့ မိန့်တော်မူတော့ ဗကဗြဟ္မာကြီး စိတ်ထဲတွေဝေသွားတယ်။
တဖန် ဘုရားရှင်က “ သင့်ဘ၀အကြောင်းကို ငါပြောပြမယ်” လို့ပြောတော့ ဗြဟ္မာကြီးက
နားထောင်ချင်လာတယ်။သို့နှင့်ဆက် လက်ပြီး ဘုရားရှင်က “ သင်ဟာ
စတုတ္ထဈာန်ဘုံမှာ ဖြစ်ခဲ့တယ်၊အဲဒီကနေ တတိယဈာန်ဘုံ၊ အဲဒီကနေ၊ဒုတိယဈာန်ဘုံ၊
ပဌမဈာန်ဘုံကို ရောက်လာတာ သင့်ရဲ့ ဖြစ်ခဲ့တဲ့ဘ၀ကို သင်ပြန်ကြည့်ဦးလေ” လို့
ဆိုလိုက်တော့ ဗြဟ္မာကြီးက သူ့ရဲ့နောက်ကြောင်းကို ဒိဗ္ဗစက္ခုအဘိဥာဏ်
နဲ့ပြန်ကြည့်လိုက်တဲ့ အခါမှာ ဘုရားရှင်ပြောတဲ့အတိုင်း မှန်နေတာ တွေ့ရတယ်။
ဗြဟ္မာကြီးဟာ သူ့အထက်က ဘုံတွေ ရှိပါသေးလားဆိုတဲ့
အသိက ၀င်လာတော့ အ၀ိဇ္ဇာနဲနဲကွာပြီး ရှင်းလာတယ်။
ဘုရားရှင်က “ ဗက ဒါတင်မကသေးဘူး၊ သင် အတိတ်က ရှေးကုသိုလ်ကောင်းမှုတွေ
ပြုခဲ့တာကိုလဲ ငါပြောဦးမယ်” ဆိုပြီး အတိတ်ဇာတ် ကြောင်းကို မိန့်တော်မူတယ်။
“ တစ်ခါတုန်းက သင်ဟာ ဈာန်အဘိဥာဏ်ရတဲ့ ရသေ့တစ်ဦးဖြစ်ခဲ့ပြီး
ဂင်္ဂါမြစ်ရဲ့တစ်ဖက်ကမ်းမှာ နေတယ်။ တစ်နေ့မှာ လှည်းငါးရာ ကုန်သည်တွေဟာ
သဲကန္တာရထဲ ရေပြတ်ပြီး ဒုက္ခ အကြီးအကျယ်တွေ့နေတာကို မြင်တဲ့အတွက်
“ဂင်္ဂါမြစ်ထဲက ရေတွေ သဲကန္တာရထဲ စီးပါစေသား” လို့ တန်ခိုးနဲ့
အဓိဋ္ဌာန်လိုက်တဲ့အတွက် ရေများ သဲကန္တာရထဲ စီးဝင်ကာ လှည်းကုန်သည် ငါးရာ
အသက်ချမ်းသာခဲ့ဖူးတယ်။
နောက်တစ်ခါ ဒီလိုပဲ သင်ဟာ ဈာန်အဘိဥာဏ်ရ ရသေ့တစ်ဦးဖြစ်စဉ်
ဂင်္ဂါမြစ်ကမ်းမှာပဲ နေပါတယ်။ အနီးအနားမှာ ရွာကြီးတစ် ရွာရှိတယ်၊ တစ်နေ့
သူခိုးဓါးမြတွေက ရွာထဲရှိ ကျွဲနွားလူအားလုံးသတ်မယ်ဆိုပြီး
ရွာအပြင်အကုန်မောင်းထုတ်တယ်။ အဲဒီအချိန်သင်က “ငါ့မျက်စိအောက်မှာ
ဒုက္ခမရောက်ကြပါစေနဲ့” ဆိုပြီး စစ်တပ်ကြီးကို ဖန်ဆင်းလိုက်တယ်။
စစ်တပ်ကြီးကို မြင်တော့ သူခိုးတွေ အားလုံး ထွက်ပြေးသွားကြတဲ့အတွက် လူအများ
အသက်ချမ်းသာရာရသွားကြပါတယ်။
တစ်ခါတုံးက ဂင်္ဂါမြစ်ရဲ့အထက်ကလူနဲ့ အောက်ကလူတို့ လက်ထပ်မင်္ဂလာပွဲအတွက်
ဂင်္ဂါမြစ်အတွင်းဖေါင်ကြီးများနဲ့ ဆင်းလာကြ တယ်။ ထိုအခိုက် ဂင်္ဂါမြစ်ထဲက
နဂါးကြီးတစ်ကောင်က လူတွေကို စိတ်ဆိုးပြီး ပါးပျဉ်းထောင်ပြလိုက်တယ်။ လူတွေဟာ
ကြောက်လန့် တကြား အော်ဟစ်ကြတယ်။ ဒီအသံကို ဂင်္ဂါမြစ်ကမ်းမှာနေတဲ့ ရသေ့က
ဂဠုန်ယောင်ဆောင်ကာ နဂါးကြီးအား မောင်းထုတ်ခဲ့တဲ့အတွက် လူအများ
အသက်ချမ်းသာရာ ရသွားကြတယ်၊ အဲဒီလိုပဲ သင်ဟာ ဘ၀ါဘ၀က လူအများအား ကယ်တင်တဲ့
ကုသိုလ်အရှိန်အဟုန်ကိုလည်း ငါဘုရားမြင်တယ်” လို့ ဘုရားရှင်က
မိန့်တော်မူတယ်။
အဲဒီအခါ ဗက ကြီးဟာ နဲနဲ သဘောကျလာတယ်၊ဒါပေမယ့် ၀န်မခံချင်သေးဘူး၊ သူက “
အရှင်ဘုရားနဲ့ တပည့်တော်တို့ တန်ခိုးပြိုင်ရအောင်၊ တပည့်တော်က
ကိုယ်ရောင်ဖျောက်ပြီး တန်ခိုးပြိုင်မယ်” လို့ပြောပါတယ်။ ဒီလိုလုပ်တာဟာ
သူ့ပရိသတ်အရှေ့မှာ ဘုရားရှင်ပြောသမျှ ဟုတ်နေတော့ ရှက်လှတာနဲ့ ဒီလို
တန်ခိုးပြိုင်တာတွေ လုပ်လာတာပါ။
အဲဒီမှာ ဗကကြီး ကိုယ်ရောင်ဖျောက်တော့ မပျောက်ဘူး။ ဘာ့ကြောင့်ဆိုရင်
ဘုရားရှင်က အဘိဥာဏ်နဲ့ ဗကကိုယ်ဖျောက်ရင် မပျောက်စေသတည်း လို့
အဓိဋ္ဌာန်ထားလို့ပါပဲ။ ဗကကြီး ကိုယ်မပျောက်တော့ သူ့ရဲ့ဗိမာန်ထဲပြေးပြီး
ပုန်းနေတယ်၊ဒါလည်းမြင်နေသေးတယ်၊ တစ်ခါ မြေကြီးပေါ်မှာ
သေးသေးလေးဖြစ်အောင်လုပ်ပြီး ၀ပ်နေတယ်၊ ဒါလည်းမရဘူး၊ ဗကကြီး အရှက်ကွဲပြီး
အကြီးအကျယ် ဒုက္ခတွေ ရောက်နေတယ်။ဒါနဲ့ ဘုရားရှင်က “ ဗက…သင်ကိုယ်ဖျောက်မရရင်
ငါဖျောက်ပြမယ်ဆိုပြီး အဘိဥာဏ်နဲ့ ကိုယ်ဖျောက်တော်မူလိုက်ပါတယ်။
ဘုရားရှင်ကို ကြည်ညိုရအောင်လို့ ပြောရရင် ဒါဟာ ဘဂ၀ါဂုဏ်တော် ခြောက်ပါးအနက်
(အဏုမြူသဖွယ်၊ ပျောက်ကွယ်သိမ်မွေ့၊ မမြင်တွေ့အောင်၊
ရုပ်ဆောင်ဖန်ဆင်းနိုင်သော) အဏိမာဘုန်းတော် ဖြစ်ပါတယ်။
ဘုရားရှင်ကိုယ်ဖျောက်လိုက်တော့ ဘယ်သူမှ မမြင်ရတော့ဘူး၊ ဒီအချိန်မှာ
ဘုရားရှင်က ကိုယ်တော်ပုံကို ကွယ်ပျောက်လျက်ကနေ ဗြဟ္မာများအား
သစ္စာလေးပါးတရားဟောပါတယ်၊ တရားတော်အဆုံးမှာ ဗကဗြဟ္မာကြီးနှင့်ဗြဟ္မာပေါင်း
တစ်သောင်းတို့ အကျွတ်တရား ရရှိသွားကြပါတယ်။ ဒိတင်ပဲ ဗကဗြဟ္မာကြီးအား
ဘုရားရှင် အောင်တော်မူပုံ ဖြစ်ပါတယ်။
[3]
အင်္ဂုလိမာလကို အောင်တော်မူခြင်း
ကောသလတိုင်း အတွင်း တစ်နေရာတွင် ဆိုးသွမ်းပြီး အားကြီးလှတဲ့
လူဆိုးတစ်ယောက်ရှိတယ်။ သူ့နာမည်က အင်္ဂုလိမာလ လို့ ခေါ်ပါတယ်။ သူဟာ
တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ယူနေစဉ်အတွင်း ဆရာကြီးက
တပည့်များရဲ့ ဂုံးချောစကား ကို ယုံကြည်ကာ လက်ငြိုးပေါင်းတစ်ထောင် ယူခဲ့ရန်
အင်္ဂုလိမာလအား ပြောပါတယ်။ အင်္ဂုလိမာလလည်း ဆရာစကားကို ယုံကြည်တဲ့အတွက်
ဆရာခိုင်းတဲ့အတိုင်း လက်ငြိုးပေါင်းတစ်ထောင် ရဖို့အတွက် အားထုတ်ရပါတော့တယ်။
ဒီလိုနဲ့ သူဟာ ရင်ဆိုင်တွေ့သမျှ လူများအား လက်ညိုးကိုယူ၊
လူကိုလည်းသတ်ဖြတ်ကာ သောင်းကြမ်းချင်တိုင်း သောင်းကြမ်း နေပါတော့တယ်။
တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလတိုင်း သာဝတ္ထိမြို့ထဲ ဆွမ်းခံကာ
ဆွမ်းဘုဉ်းပေးအပြီး၊ နေ့လည်ဖက် သပိတ်သင်္ကန်းတို့ ကို ပြင်ဆင်ကာ
ကိုယ်တော်မြတ်တစ်ပါးတည်း ခရီးရှည်ကြီးကို ခြေလျင်ဖြင့် ကြွတော်မူပါတယ်။
ကြွတော်မူမယ့်နေရာက လူဆိုးကြီး အင်္ဂုလိမာလ ရှိတဲ့နေရာ ဖြစ်တယ်။
လမ်းတွင် နွားကျောင်းသားများ၊ လယ်လုပ်သူများက တစ်ပါးတည်း
ကြွတော်မူလာတဲ့ ဘုရားရှင်အား “အရှင်ဘုရား….ဘယ်အရပ်ကို ကြွမှာလဲဘုရား” လို့
မေးလျှောက်ကြတယ်။ ဘုရားရှင်ကလည်း အင်္ဂုလိမာလရှိရာသွားမှာဖြစ်တဲ့ အကြောင်း
မိန့်တော်မူသောအခါ နွားကျောင်းသား၊လယ်လုပ်သူများက “
အရှင်ဘုရား…ဒီဒေသမှာတော့ အင်္ဂုလိမာလ ရှိရာ တောအုတ်ကို ဖြတ်ပြီး
ခရီးသွားမယ်ဆိုပါက တစ်ယောက်ထဲ မသွားရဲ့ကြဘူး၊ ၂၀-၃၀-၄၀ အုပ်စုဖွဲ့ပြီး
သွားကြပါတယ်။ ဒီလိုသွားတာတောင်မှ အင်္ဂုလိမာလရဲ့ လက်အတွင်းက မလွတ်ပဲ
အသတ်ခံရပါတယ်ဘုရား၊ သူရှိတဲ့ နေရာကို ရောက်သွားတဲ့ လူများဟာ အင်္ဂုလိမာလ
ကြောင့် ပျက်စီးခဲ့ရ၊ သေခဲ့ကြရပါတယ်ဘုရား၊ အရှင်ဘုရား တစ်ပါးတည်း
ကြွတော်မူပါနဲ့ ဘုရား” လို့ တားကြသော်လည်း ဘုရားရှင်ကတော့ ဘာမှ ပြန်မပြောဘဲ
ကြွတော်မူရာ လမ်းအတိုင်း ကြွတော်မူခဲ့ပါတယ်။
သို့နှင့် ဘုရားရှင်ဟာ အင်္ဂုလိမာလရှိရာ တောအုပ်သို့ ရောက်တော်မူပါတယ်။
အင်္ဂုလိမာလဟာ ဘုရားရှင် ကြွလာတာကို ခပ်လှမ်း လှမ်းက မြင်တဲ့အခါ “ ငါရှိရာ
တောအုပ်ထဲကို ဘယ်သူမှ လာရဲတာမဟုတ်၊ ၂၀-၃၀ အုပ်စုဖွဲ့ပြီး လာတာတောင်မှ
ငါအလွတ်ပေးပဲ အားလုံးကို သတ်ခဲ့တယ်။ အခုတော့ ရဟန်းကြီးတစ်ဦးတည်းလာတာဟာ
ငါ့ကို မလေးမခန့်လုပ်တာပဲ” လို့ တွေးကာ ဘုရားရှင်ကို သတ်ဖို့အတွက်
ဘုရားရှင် ရှိရာသို့ လျင်မြန်တဲ့အဟုန်နဲ့ ပြေးလိုက်ပါတော့တယ်။ ဘုရားရှင်က
မပြေးဘဲ ရပ်တော်မူနေပေမယ့် အင်္ဂုလိမာလက ပြေးလိုက်လို့ မမီနိုင်ဖြစ်နေတယ်။
“အရင်ကတော့ ဆင်ပြောင်ကြီး ပြေးတယ်ဆိုရင် ငါလိုက်မီတယ်၊
မြင်းတွေပြေးတယ်ဆိုရင် နောက်ကလိုက်မီပါရဲ့၊ အခုတော့ သာမာန်လူတစ်ယောက်ကို
မလိုက်နိုင်တာ ဘာ့ကြောင့်လဲ” လို့တွေးကာ ဘုရားရှင်အား “ရပ်ပါတော့
ရပ်ပါတော့” လို့ တားပါတယ်။
ဘုရားရှင်က “အင်္ဂုလိမာလ….ငါဘုရားက ရပ်နေတာ၊ မရပ်တာက သင်ပဲ” လို့
မိန့်တော်မူပါတယ်။ ထိုအခါ လူဆိုးကြီးက “သာကီဝင်မင်းသား ရဟန်းများဟာ
မှန်တဲ့စကားသာ ပြောကြတယ်။ ရဟန်းကြီးဟာ ရပ်နေတယ် ဆိုပြီး ငါ
အပြေးလိုက်တာတောင် မမီဘူး၊ ဘာ့ကြောင့်ပါလဲ” လို့ သိချင်တဲ့အတွက်
ဘုရားရှင်အား မေးလိုက်တယ်။
“ အရှင်ဘုရား ….အရှင်ဘုရားက ရပ်နေတယ်ူလို့ပြောပြီး ပြေးနေတယ်၊
တပည့်တော်ကိုတော့ ပြေးနေတယ်လို့ပြောတယ်။ အကြောင်းလေး သိချင်ပါတယ်” လို့
မေးလျှောက်တော့ ဘုရားရှင်က “ အင်္ဂုလိမာလ….ငါဘုရားဟာ လေးမြား ဓါး စတာတွေကို
အပြီးတိုင်ပစ်ချခဲ့ကာ လူအများအား မသတ်တဲ့အတွက် ‘ရပ်နေသူ’ လို့ခေါ်တယ်။
သင်ကား လေးမြားလက်နက်စတာတွေကို ကိုင်ဆောင်ကာ လိုက်လံပြေးလွှား သတ်ဖြတ်
နေသူဖြစ်တဲ့အတွက် ‘ပြေးနေသူ’ လို့ ခေါ်တယ် အင်္ဂုလိမာလ….” လို့
မိန့်တော်မူလိုက်တဲ့အခါ အင်္ဂုလိမာလလည်း သံဝေဂအကြီးအကျယ်ရရှိပါတော့တယ်။ ဒါနဲ့
လေးမြှားစတာတွေကို ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ချခဲ့ပြီး ရဟန်းပြုဖို့ရာ
တောင်းဆိုပါတော့တယ်။
အခုပြောခဲ့တာတွေကတော့ဘုရားရှင်က အင်္ဂုလိမာလအား အောင်နိုင်ပုံ
ဖြစ်ပါကြောင်း………….လေးခုမြောက် အောင်ခြင်း ဖြစ်ပါတယ်။
[4]
စိဉ္စမာဏ၀ိကာ၏ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း
ဝေနေယျသတ္တာဝါများ သာဝကများဟာ အရိယာများအဖြစ်သို့ ရောက်ကုန်သောကြောင့်
ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်များ တဖြေးဖြေး ပျံ့နှံ့တော်မူလာတဲ့အပြင်
လူနတ်အများရဲ့ ပူဇော်မှုဟာလည်း အလွန်ထင်ရှားလာပါတယ်။ ဘုရားရှင်အား
ပူဇော်မှုများ ထင်ရှား လာပေမဲ့ သာသနာပြင်ပက ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့
တိတ္ထိတို့မှာတော့ လာဘ်လာဘများ တဖြေးဖြေး ဆုတ်ယုတ်လာပါတော့တယ်။
အဲဒီအခါမှာ တိတ္ထိတို့က “လူအပေါင်းတို့ ရဟန်းကြီးအားသာ လှူဒါန်းလို့
အကျိုးရတာမဟုတ်၊ ငါတို့ကို လှူဒါန်းရင်လည်း အကျိုးရနိုင်ပါတယ်” လို့
ပြောဟောပါတော့တယ်။ ဘယ်လောက်ပဲ ပြောဟော စည်းရုံးပါသော်လည်း လူအများက
တိတ္ထိတို့အား စိတ်မ၀င်စားတဲ့အပြင် လာဘ်လာဘများ ပိုပြီးတောင်
နည်းပါးသွားပါသေးတယ်။
တိတ္ထိများက “ငါတို့ လာဘ်လာဘပေါများအောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ရဟန်းဂေါတမကို
လူအများက အထင်လွဲပြီး ဂုဏ်ကျေးဇူးမဲ့အောင် ဘယ်လို ကြံရပါ့မလဲ” လို့
မကောင်းတဲ့အကြံ ထုတ်နေကြတယ်။ထိုအခါ သာဝတ္ထိပြည်မှာ အလွန်လှပချောမောတဲ့
အမျိုးသမီးတစ်ယောက်ရှိတယ်၊
သူ့နာမည်က ‘ စိဉ္စမာဏ၀ိကာ’ လို့ခေါ်တယ် မန်ကျည်းပင်မှာ သံသေဒဇ ပဋိသန္ဓေတည်ကာ
လူ့ဘ၀ထဲ ရောက်လာသူလေး ဖြစ်တယ်။ တစ်နေ့မှာ သူမဟာ တိတ္ထိတို့ကျောင်းကို
ရောက်တယ်၊ အဲဒီအခါ တိတ္ထိများက သူမအား စကားမပြောဘဲ ဒီအတိုင်း ဆိတ်ဆိတ်
နေလိုက်ကြတယ်၊ သူမက “ဆရာတို့..ကျွန်မကို ဘာ့ကြောင့် စကားမပြောကြတာလဲ၊
ကျွန်မမှ အပြစ်တစုံတရာရှိလို့လား” လို့ မေးတဲ့အခါ တိတ္ထများက “
စိဉ္စမာဏ်….ငါတို့မှာ ခါတိုင်းနဲ့ မတူတော့ဘူး၊ လာဘ်လာဘတွေ အလွန်နည်းလာတယ်။
ဒီလိုဖြစ်တာဟာ ရဟန်ကြီးဂေါတမကြောင့်လေ ” လို့ သူမအား ပြောကြတယ်။
“ အရှင်တို့ အဲလိုဆိုရင် တပည့်တော်က ဘာများ လုပ်ပေးရမှာလဲ” လို့
စိဉ္စမာဏ၀ိကာ မေးတော့ တိတ္ထိများက “ ဒို့ချမ်းသာတာ ကို မြင်ချင်တယ်ဆိုရင်
ရဟန်းကြီးဂေါတမကို လူအများ အထင်သေးအောင် မကြည်ညိုအောင် လုပ်ပေးရမယ်” လို့
တိတ္ထိများက ပြောသောအခါ သူမက “ ဒီကိစ္စအတွက်ဘာမှ တွေးမပူနေပါနဲ့ တပည့်တော်
တာဝန်ထားလိုက်ပါ ၊ တပည့်တော် ကြံဆောင်ပါ့မယ်” ဆိုပြိး သူတို့ဆရာများကို
အားပေးနှစ်သိမ့် လိုက်ပါတယ်။
စိဉ္စမာဏ၀ိကာဟာ နံနက်လင်းတယ်ဆိုရင်ပဲ ဇေတ၀န်ကျောင်းအနီး တိတ္ထိတို့ကျောင်းမှ
ထွက်လာတယ်။ သာဝတ္ထိမြို့ထဲဝင်လာတဲ့အခါမှာ ဇေတ၀န်ကျောင်းမှ ထွက်လာဟန်ပြုပြီး
ဇေတ၀န်ကျောင်းနားကနေ မြို့ထဲသို့ လာလေ့ရှိတယ်။ မြို့နေလူအချို့က သူမဟာ
ဇေတ၀န်ကျောင်းမှာ အိပ်ပြီး နံနက်မှာ မြို့ထဲလာတယ်လို့ မှတ်ထင်နေပါတယ်။
ဒါကြောင့် “ဘယ်ကလာတာလဲ” လို့ လူအချို့က မသင်္ကာစိတ်နဲ့ မေးသောအခါ “ ကျွန်မ
ဘယ်က လာတယ်ဆိုတာ ရှင်တို့သိလို့ ဘာအကျိုးရှိမှာလဲ” လို့ စိဉ္စမာဏ၀ိကာက
ဝှေ့လည်ကြောင်ပတ် ပြန်ဖြေတယ်။ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊သုံးလခန့် ကြာလာတဲ့အခါ
သူမမှာ ဘုရားရှင်ကို စွဲပြီး ကိုယ်ဝန်ရလေဟန် ပြကာ သွားလာနေတော့ တယ်။
တစ်နေ့ မြတ်စွာဘုရား တရားပွဲတစ်ခုမှာ တရားဟောကြားတော်မူနေခိုက် စိဉ္စမာဏ၀ိက
ရောက်လာပြီး “ အို…ရဟန်းကြီး ရှင်က လူတွေကို တရားဟောနေတယ်၊ အသံကလည်း
ချိုမြိန်ပါပေ့၊ နှုတ်ခမ်းကလည်း စေ့ပါပေ့၊ ဒီမှာတော့ ရှင့်ကို စွဲပြီး
ကိုယ်ဝန် ရင့်မာကြီးဖြစ်နေပြီ၊ သားးဖွားဖို့အတွက် သားဖွားတဲ့အိမ်
မပြုလုပ်ပေးတော့ဘူးလား၊ ကိုယ်ဝန်အတွက် ရှင့်ကိုယ်တိုင်
မပြုလုပ်ပေးနိုင်ဘူးဆိုရင်လည်း အလုပ်အကျွေးဖြစ်တဲ့ ကောသလမင်းတို့၊
အနာထပိဏ်သူဌေးတို့၊ ၀ိသာခါ အမျိုးသမီး စတဲ့ပုဂ္ဂိုလ်များကို စိဉ္စမာဏအား
ပြုစုပေးပါလို့ ခိုင်းလည်း ရသားပဲ၊ ဒီလိုလည်း မပြောခဲ့ဘူး၊ သင်ဟာ ကျွန်မ
နဲ့ ကိုယ်ဝန်ရတဲ့အထိ ပျော်ပါးဖို့လောက်ပဲ သိတယ်၊ ကိုယ်ဝန်ကိုကျတော့
တာဝန်ယူပေးရကောင်းမှန်းမသိဘူး” လို့ ပရသတ်အလယ်မှာ ဘုရားရှင်အား စွပ်စွဲကာ
ဆဲပါလေတော့တယ်။
ထိုအခါ ဘုရားရှင်က တရားဟောနေရာမှ ခဏရပ်ကာ ရဲရင့်သော အသံတော်ဖြင့် “
ဒိကိစ္စဟာ သင်နဲ့ငါသာ သိတယ်” လို့ မိန့်တော်မူပါတယ်။ အဲဒါကိုပဲ သူမက “
ရဟန်းကြီး ကိုယ်ဝန်ရှိတဲ့ကိစ္စမှာ သင်နှင့် ငါတို့ နှစ်ယောက်သာ သိတယ်ဆိုတာ
မှန်တာပေါ့” လို့ ဘုရားရှင်အား ထပ်မံပြီး စွပ်စွဲလိုက်ပြန်ပါတယ်။
ဘုရားရှင်လည်း ဘာမှ မိန့်တောမမူတော့ဘဲ ဆိတ်ဆိတ်သာ နေတော်မူလိုက်တယ်။
အဲဒီအချိန်မှာ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကြီး ပူနွေးလာတဲ့အတွက်
အကြောင်းကို ဆင်ခြင်ကြည့်ရာ စိဉ္စမာဏ၀ိကာဟာ ဘုရားရှင်အား မဟုတ်တရား
စွပ်စွဲနေတာကို မြင်ပါတယ်။ သို့နှင့် ဒီကိစ္စကို ဖြေရှင်းမှ တော်မယ် ဆိုပြီး
နတ်သားလေး ယောက်နဲ့အတူ ဘုရားရှင်ရှိရာသို့ ရောက်လာပါတယ်။ နတ်သားတို့လည်း
ကြွက်ငယ်ယောင်ဆောင်ပြီး စိဉ္စမာဏ၀ိကာရဲ့ခန္ဓာကိုယ်မှာ ချည်ထားတဲ့
ကြိုးတွေကို ကိုက်ဖြတ်လိုက်တယ်။ ကြိုးပြတ်သွားတယ်ဆိုရင်ပဲ သစ်သားချပ်
အောက်သို့ကျကာ သူမရဲ့ ခြေဖမိုးအထက်ကို ကျပြီး၊ ခြေဖျားနှစ်ဖက်စလုံး
ကျိုးကုန်ပါတော့တယ်။
အဲဒီအခါကျမှ လူအများက မိန်းမယုတ် စိဉ္စမာဏ၀ိကာ ကို
တံတွေးနဲ့ထွေး၊ခဲနဲ့ပေါက်၊ ရိုက်နက်ပြီး၊ ပရိသတ်အပြင်ကို ဆွဲထုတ်သွားပါတယ်၊
စိဉ္စမာဏ၀ိကာလည်း ဘုရားရှင် မမြင်လောက်တဲ့နေရာ အရောက်မှာ
မြေကြီးဟက်တက်ကွဲကာ မြေမျိုခံခဲ့ရရှာပါ တော့တယ်။ ဒါကတော့ စိဉ္စမာဏ၀ိကာရဲ့
စွပ်စွဲချက်ကို အောက်တော်မူတဲ့ ပဉ္စမမြောက် အောင်ခြင်း ဖြစ်ပါတယ်။
[5]
အာဠ၀ကဘီလူးကို အောင်တော်မူခြင်း
အာဠ၀ီပြည် အစိုးရတဲ့ အာဠ၀ကမင်းဟာ သူခိုး ဓမြရန်၊ အတိုက်အခံမင်းတို့ရဲ့
ရန်ကို နှိမ်နင်းဖို့ ရည်ရွယ်ကာ အလေ့အကျင့်ဖြင့်စေရန် (၇)ရက်တစ်ကြိမ်
နောက်ပါမျာားနဲ့အတူ သမင်တော့သို့ တောလည်ထွက်ကြပါတယ်။ အာဠ၀ကမင်းဟာ
သမင်တစ်ကောင်ကို လိုက်ရာ သုံးယူဇနာအရောက်မှာ ဖမ်းမိပြီး သမင်ကို ထမ်းကာ
ယူဆောင်လာခဲ့ရာ တစ်နေရာမှာ ပညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်သွားပါတယ်။
ဒီပညောင်ပင်ကို အပိုင်စားရထားတာက အာဠ၀ကဘီလူးပါ။ ဘီလူးက မင်းကြီးအား
စားရန်လုပ်တဲ့အခါ မင်းကြီးက “အသင်ဘီလူး….တိုင်းပြည်ကိုပြန်ပြီး
သင်စားဖို့အတွက် တစ်နေ့ကို လူတစ်ယောက်ကျ လွတ်ပေးပါ့မယ်။ ငါ့ကိုတော့ လွတ်ပါ”
လို့ပြောပါ တယ်။
နောက်ဆုံးတော့ ဘီလူးက မင်းကြီးအား တိုင်းပြည်ပြန်ခွင့်ပေးလိုက်တယ် ၊
နန်းတော်ရောက်တော့ မြို့တော်ဝန်အား အကြောင်းစုံ ဖြစ်ခဲ့ပုံ တို့ကို
တိုင်ပင်ပြောဆိုရာ မြို့တော်ဝန်က “ အရှင်မင်းကြီး ဒီအတွက် မပူပါနဲ့
ကျွန်တော်မျိုးတာဝန်ထား၊ အရှင်မင်းကြီးသာ အေးချမ်းစွာနေပါ” လို့ပြောကာ
ထောင်ထဲက ရာဇ၀တ်သားများကို တစ်နေ့ တစ်ယောက်ကျနှုံးဖြင့် လွတ်ရာ ကြာတော့
ထောင်ထဲတွင် ရာဇ၀တ်သား မရှိတော့လောက်အောင် ဖြစ်သွားတယ်။
ဒီလိုနဲ့မရတော့တဲ့အခါ မြို့ထဲရှိ လူအိုများကို ပို့စေပါတယ်၊ လူအိုများလည်း
ကြာတော့ကုန်သလောက်နီးပါးဖြစ်ခဲ့ပြီ၊ အဲဒါနဲ့ ပက်လက်အရွယ် ပုခက်တွင်းနေ
ကလေးသူငယ်များကို တစ်နေ့တစ်ယောက်ကျ ပေးပို့စေပါ တယ်။ မိခင်များကလည်း
မိမိကလေး ဘီလူးရန်မှ လွတ်မြောက်ရန် အရပ်တစ်ပါးသို့ တိမ်းရှောင်သွားကြကာ
အသက်ကြီးမှ ပြန်လာခဲ့ကြတယ်။ ဒီလိုနဲ့ (၁၂)နှစ်ကြာခဲ့တယ်။ ကလေးသူငယ်များလည်း
အာဠ၀ကမင်းသားလေးမှတစ်ပါး ဘယ်သူမှ မရှိတော့ပါ။ ဒါနဲ့ မင်းကြီးဟာ
သူ့အသက်ရှင်ဖို့အရေး သူ့ရဲ့ ရင်သွေးလေးဖြစ်တဲ့ မင်းသားလေးကိုပါ ဘီလူးထံသို့
ပို့စေလိုက်ပါတယ်။(လောကမှာ မိမိထက်ချစ်တဲ့သူ မရှိ)။
တစ်နေ့မှာ ဘုရားရှင်ဟာ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကြီးကို ကြည့်တော်မူတဲ့အခါ
အာဠ၀ကမင်းသားလေးရဲ့ အနာဂါမိဖိုလ်တည် ကြောင်း ရှေးကောင်းမှု၊ အာဠ၀ကဘီလူးရဲ့
သောတာပတ္တိမဂ်ဖိုလ်တည်ကြောင်း ရှေးကောင်းမှု၊ တရားဆုံးတဲ့အခါ ပရိသတ်
(၈၄၀၀၀)အား သစ္စာလေးပါး သိမြင်နိုင်ကြမယ့် အရေး မြင်တော်မူပါတယ်။
သို့နှင့်မနက်တွင် ဘုရားရှင်ဟာ သာဝတ္ထိပြည်မှ ယူဇနာ(၃၀)ကွာဝေးတဲ့
အာဠ၀ကဘီလူးရှိရာ ဘုံဗိမာန်သို့ ရောက်လာခဲ့ပါတယ်။ ဒီအချိန်မှာ အာဠ၀ကဘီလူးက
သူ့ဗိမာန်မှာ မရှိပါ။ ဟိမ၀န္တာသို့ ဘီလူးများ အစည်း အဝေးသို့
သွားနေခိုက်ဖြစ်တယ်။ (တစ်ချို့အကြောင်းများကို စာအိုင်မှာစိုးတဲ့အတက်
မဖေါ်ပြတော့ပြီ)
ဘီလူးများအစည်းအဝေးတွင် (အရိယာနတ်) သူငယ်ချင်းနှစ်ဦးက ဘုရားရှင်ရဲ့
တန်ခိုးတော် အာနုဘော် မည်မျှကြီးပုံ အကြောင်းကို ပြောဆိုကြရာ (ပညာမရှိသူကို
ပညာနဲ့စပ်တဲ့စကားကိုး သွားပြောရင် မကြိုက်ချေ။) သို့နှင့် ဘီလူးအရှေ့မှာ
ဘုရားရှင်ရဲ့ဂုဏ်တွေကို ပြောဆိုနေတဲ့အတွက် ဘီလူးက မနှစ်သက်တဲ့ အပြင်
ဒေါသအမျက်ထွက်ကာ “သင်တို့ဆရာ ဘုရားကပဲ တန်ခိုးကြီးသလား ၊ ငါကပဲ
တန်ခိုးကြီးသလားဆိုတာ ကြည့်ကြသေးတာပေါ့” လို့ဆိုကာ ယူဇနာ (၆၀)ပမာဏရှိတဲ့
ကေလာသတောင်ထိပ်ပေါ် ခြေဖြင့် ဆောက်နင်းနင်းကား “ အာဠ၀ကဆို ငါပဲ ကွ” လို့
အော်လိုက်တဲ့ အသံကြီးဟာ ဇမ္ဗူဒိပ်ကျွန်းတစ်ကျွန်းလုံးမှာရှိတဲ့ လူအများ
အကုန်ကြားရတယ်လို့ ဆိုပါတယ်။ ဘီလူးရဲ့ အာနုဘော်ကြောင့် ယူဇနာ(၃၀၀၀
-မိုင်ပေါင်း၂၄၀၀၀) အပြန့်ကျယ်တဲ့ ဟိမ၀န္တာတောင်ကြီးတစ်ခုလုံး
သိမ့်သိမ့်တုန်သွားခဲ့တယ်။
အာဠ၀ကဘီလူးဟာ ဘုရားရှင်အား လက်နက်ကြီး (၉)မျိုးတို့နှင့်
တိုက်ခိုက်ခဲ့ပါသော်လည်း ဘုရားရှင်အား လက်ရှိနေရာမှ အဝေးထွက်သွားအောင်
မတတ်နိုင်ပါ။ သို့နှင့် လက်နက်အမျိုးမျိုး စွဲကိုင်ထားတဲ့
ပြိတ္တာအပေါင်းတို့ဟာ အဆင်းပုံသဏ္ဍာန်အမျိုးမျိုးတို့ဖြင့်
ဆင်၊မြင်း၊ရထား၊ခြေလျင်စတဲ့ စစ်အင်္ဂါလေးပါးဖြင့် ဘုရားရှင်အား
တိုက်ခိုက်ပြီး အနှောက်အယှက်ပေးခဲ့တယ် ။ မနိုင်တဲ့အဆုံး “ဘယ်သူမှ မနိုင်တဲ့
ဘွဲ့ဖြူပုဆိုး နတ်လက်နက်နှင့် ပစ်ရရင်ကောင်းမယ်” လို့တွေးပြီး
ဘွဲ့ဖြူလက်နက်ကို ကိုင်ကာ ရပ်နေပါတယ်။
ဒီအချိန်မှာ ဘုရားရှင်က ဘီလူးအား တရားဟောဆုံးမမယ် ဆိုတဲ့ သတင်းကြောင့်
တရားနာချင်၊ စစ်တိုက်တာကိုကြည့်ချင် တဲ့ အကြောင်းကြောင့် ထိုအချိန်က
ကောင်းကင်ပေါ်မှာ နတ်ဗြဟ္မာများနဲ့ ပြည့်နှက်နေပါတော့တယ်။ ဘီလူးက
ဘယ်လိုပင်တိုက် ခိုက်သော်လည်း ဘုရားရှင်ရဲ့ မေတ္တာတော်ကြောင့် ဘယ်လိုမှ
မနိုင်နိုင်တဲ့အတွက်ကြောင့် ဘုရားအား မေတ္တာပျက်အောင်လုပ်မယ်လို့ ကြံပြီး
ဒေါသထွက်ဖွယ် အမျိုးမျိုး ပြောကြားသော်လည်း မနိုင်ခဲ့ပေ။
တစ်ဖန် “အမေးပုစ္ဆာပြဿနာကိုမေးမယ် မဖြေနိုင်လို့ကတော့ ဂေါတမခြေကိုကိုင်ပြီး
ဂင်္ဂါဖြစ်တဖက်ကမ်းကို လွဲပစ်လိုက်မယ်” လို့ ပြောပြီး ပုစ္ဆာများမေးပါတယ်။
ပုစ္ဆာက…
- လောကမှာ ဘယ်အရာဟာ အမြတ်ဆုံး ဖြစ်သလဲ။
- အဘယ်တရားကို နေ့စဉ်ရက်ဆက် ပွားမယ်ဆိုရင် လူ၊နတ်၊နိဗ္ဗာန် သုံးတန်ချမ်းသာကို ရောက်နိုင်ပါသလဲ။
- အရသာအပေါင်းမှာ ဘယ်အရသာဟာ အချိုမြိန်ဆုံး ဖြစ်ပါသလဲ။
- အဘယ်တရားနဲ့ အသက်ရှည်ခြင်းဟာ အမြတ်ဆုံးဖြစ်ပါသလဲ။ လို့ ပြဿနာလေးရပ်ကို မေးပါတယ်။
ဘုရားရှင်ရဲ့အဖြေက…
- လောကီလောကုတ်နှစ်ဖြာသော သဒ္ဓါတရားဟာ လောကမှာ အမြတ်ဆုံး ဖြစ်တယ်။
- ဒါန၊သီလ၊ဘာဝနာ ဆိုတဲ့ ကုသလကမ္မပထတရား (၁၀)ပါးဟာ လူနတ်နိဗ္ဗာန် သုံးတန်ချမ်းသာ ကို ရောက်နိုင်ပါပေတယ်။
- အရသာအပေါင်းမှာ ဟုတ်တိုင်းမှန်ရာကိုသာ ဆိုတတ်သော သစ္စာစကားဟာ အကောင်းဆုံးအရသာ ဖြစ်ပါတယ်။
- မှန်ကန်တဲ့ အကျင့်ပဋိပတ်တို့ကို မပြတ်ပွားများပေးရတဲ့ ပညာတရားနဲ့
အသက်ရှည်ခြင်းဟာ အမြတ်ဆုံးဖြစ်ပါတယ်။ လို့ ဖြေလိုက်တဲ့ တရားတော်ကို
အာဠ၀ကဘီလူး ကြားနာရပြီး နှစ်သက်ရွှင်လန်းဝမ်းမြောက်တဲ့စိတ် ရှိလှတဲ့အတွက်
နောက်ပြဿနာလေးရပ်ကို ထပ်မံပြီး မေးလိုက်ပါတယ်။
- အဘယ်တရားနဲ့ သြဃလေးဖြာကို ကူးမြှောက်နိုင်ပါသလဲ။
- အဘယ်တရာားဟာ ဘ၀သံသရာကို ကူးမြှောက်နိုင်ပါသလဲ။
- အဘယ်တရားတို့ဖြင့် ၀ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါသလဲ။
- အဘယ်တရားတို့ဖြင့် ကိလေသာမှ ကင်းဝေးနိင်ပါသလဲ။
ဘုရားရှင်က..
- သဒ္ဓါတရားနဲ့ သြဃလေးဖြာကို ကူးမြောက်နိုင်ပါတယ်။
- ကုသိုလ်တရားပွားများနိုင်ရန် အဖန်ဖန် ထပ်ထပ် မမေ့မလျော့အောင် ထားရတဲ့ အပ္ပမာဒ သတိတရားဟာ ဘ၀သံသရာမှ ကူးမြောက်နိုင်ပါတယ်။
- ၀ီရိယတရားဖြင့် ၀ဋ်ဆင်းရဲမှ လွန်မြောက်နိုင်ပါတယ်။
- ပညာတရားဖြင့် ကိလေသာမှ ကင်းစင်နိုင်ပါတယ်။ လို့
ဖြေတော်မူပြီးတဲ့အခါ အာဠ၀ကဘီလူးဟာ သောတာပတ္တိမဂ်ဖိုလ်မှာ တည်ခဲ့ပါတယ်။
သောတာပန် ဖြစ်ပြီးတဲ့နောက်မှာလည်း အမေးတွေမေးပါသေးတယ်။
သို့နှင့် အာဠ၀ကဘီလူးဟာ အာဠ၀ကမင်းသားလေးအား မစားတော့ပဲ ဘုရားရှင်အား
ဆက်ကပ်လိုက်ပါတယ်။ ဘုရားရှင်က ထိုမင်းသားလေးကို လက်တော်ဖြင့် ခံယူတော်မူကာ “
ဒီကလေးငယ်ကို ကျွေးမွေးကြပြီး ကြီးလာရင် ငါဘုရားအား ပြန်လည်ပေးအပ်ရမယ်”
လို့ ပြောတော်မူကာ မင်းချင်းယောက်ျားများလက်သို့ ပေးအပ်ခဲ့ပါတယ်။ ဒီတွင်ပဲ
ဘုရားရှင်ရဲ့ အာဠ၀ကဘီလူးကို အောင်မြင်ပုံ ဒုတိယ အောင်နိုင်ခြင်း ဖြစ်ပါတယ်။
[6]
နာဠာဂီရိဆင်ကို အောင်နိုင်ခြင်း
ရှင်ဒေ၀ဒတ်ရဲ့ ပယောဂကြောင့် ကျောက်ချပ်လွှာတစ်ခု လွင့်စင်ကာ ဘုရားရှင်ရဲ့
ခြေမတော် ကို ထိခိုက်မိကာ သွေးစိမ်းတည်ခဲ့ရတယ်။ ထိုအနာကိုဆရာဇီဝကက
ဆေးကုပေးတဲ့အတွက် ကျန်းမာစွာ ရှိနေတော်မူပါတယ်။ ထိုအခါ ဘုရားရှင်အား
နည်းမျိုးစုံဖြင့် သတ်ဖြတ်ရန်ကြံစည်နေတဲ့ ရှင်ဒေ၀ဒတ်က “ ရဟန်းဂေါတမကို
ဘယ်သူလူတစ်ဦး တစ်ယောက်မှ သတ်ဖြတ်ဖို့ မတတ်နိုင်ကြဘူး။
ဘုရင်အဇာတသတ်ဆီမှာတော့ ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်ကိုလည်းမသိ။
လူမြင်ရင်သတ်ဖြတ်လေ့ရှိပြီး အလွန်ကြမ်းတမ်းတဲ့ နာဠာဂီရိဆင်ကြီးဟာ
ရဟန်းဂေါတမကို သတ်နိုင်လိမ့်မယ်” လို့ အကြံဖြစ်ပြီး ဘုရင်အဇာတသတ်အား
ထိုအကြောင်းကို ပြောပြရာ ဘုရင်ကလည်း မင်းဆရာသဘောအတိုင်း လက်ခံပါတယ်။
အဇာတသတ်ဘုရားဟာ ဆင်တင်းကုတ်ရှိ ဆင်ထိန်းကို ခေါ်ကာ “မနက်ဖန်
ရဟန်းဂေါတမလာရာ လမ်းမှ မျက်နှာချင်းဆိုင်ပြီး နာဠာဂီရိဆင်ကြီးအား
လွှတ်ရမယ်” လို့ အမိန့်ပေးခဲ့တယ်။ ရှင်ဒေ၀ဒတ်ကလည်း ပိုပြီးတိကျအောင်
ဆင်ထိန်းထံသွားပြီး “အိုဆင်ဆရာ…ဆင်ကြီးက အရက်ဘယ်နှစ်အိုး
သောက်နိုင်လဲ”မေးပါတယ်။ ဆင်ဆရာက “ အရှင်….(၈) အိုးတိတိသောက်နိုင်ပါတယ်”
လို့ ပြောလိုက်တယ်။ ရှင်ဒေ၀ဒတ်က မနက်ဖန်ကျရင် ဆင်ကြီးကို အရက်
(၁၆)အိုးတိုက်ရန် ဆင်ဆရာအား မှာကြားထားခဲ့တယ်။
မနက်ဖန်မှာ ဘုရားရှင် ဆွမ်းခံကြွလာမယ့်လမ်းမှာ နာဠာဂီရိဆင်ကြီး ကို
လွတ်လိမ့်မယ် ဆိုတဲ့ သတင်းဟာ ရာဇဂြိုလ်မြို့ထဲ ပြန့်နှံ့သွားပါတော့တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်လူများက “အရှင်ဘုရား မနက်ဖန် ရာဇဂြိုလ်မြို့ထဲ
ဆွမ်းခံမကြွပါနဲ့ဘုရား၊ ရှင်တော်ဘုရား နဲ့ ကျောင်းရှိ သံဃာတော်များအတွက်
တပည့်တော်တို့ ကျောင်းလာပြီး ဆွမ်းဆက်ကပ်ပါ့မယ်ဘုရား” လို့
လျှောက်ထားကြတယ်။
ဘုရားရှင်လည်း မနက်ဖန် ရာဇဂြိုလ်မြို့ထဲကို နောက်ပါရဟန်းတော်များနဲ့
ကြွတော်မူမယ်။ နာဠာဂီရိဆင်ကြမ်းကြီးကို ဆုံးမပြီး ကျောင်းပြန်ရောက်ကာ
ဝေဠုဝန်ကျောင်းမှာပဲ ဆွမ်းဘုဉ်းပေးရမယ် ဆိုတာကို ဆင်ခြင်
သိမြင်တော်မူတဲ့အတွက် ဒါယကာများ ပင့်ဖိတ်တဲ့ ဆွမ်းကို လက်ခံတော်မူခဲ့ပါတယ်။
ဘုရားရှင်လည်း ညဦးယံမှာ ရဟန်းတော်များအား တရားဟောတော်မူပါတယ်။
မဇ္ဈိမယံ၊ သန်းခေါင်ယံမှာ နတ်ဗြဟ္မာများ မေးလျှောက်တဲ့ ပြဿနာများကို
ဖြေဆိုတော်မူပါတယ်။ ပစ္ဆမယံ(မိုးသောက်ယံ)မှာ အပိုင်းသုံးပိုင်းခွဲကာ
ပထမအချိန်ပိုင်းမှာ လက်ျာနံတောင်းဖြင့် လျောင်းစက်တော်မူပြီး
ဒုတိယအချိန်ပိုင်းမှာ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူပါတယ်။ တတိယအချိန်
ပိုင်းကျတော့ မဟာကရုဏာသမာပတ်ကို ၀င်စားတော်မူပြီး သမာပတ်မှ ထတော်မူကာ
ကျွတ်ထိုက်တဲ့ သတ္တ၀ါများကို ကြည့်သောအခါ နာဠာဂီရိဆင်ကို ဆုံးမရာမှာ
သတ္တ၀ါအပေါင်း(၈၄၀၀၀)တို့ ကျွတ်တမ်းဝင်ကြမှာကို သိမြင်တော်မူပါတယ်။
သိှု့နှင့် နံနက်စောစောမှာ အရှင်အာနန္ဒာကို ခေါ်ပြီး
“အာနန္ဒာ….ရာဇဂြိုလ်မြို့ရဲ့ဝန်းကျင်ရှိ ကျောင်းတိုက်ကြီး (၁၈)တိုက်တို့မှ
ရဟန်းတော်များ အားလုံးတို့အား ငါဘုရားနဲ့အတူ ရာဇဂြိုလ်မြို့တွင်းသို့
ဝင်ရမယ် လို့ ပြောချေ” လို့ မိန့်တော်မူပါတယ်။ အရှင်အာနန္ဒာလည်း ဘုရားရှင်
မိန့်တော်မူတဲ့အတိုင်း ရဟန်းတော်များအား သိစေပါတယ်။
ဘုရားရှင်ဟာ အချိန်တန်တော့ ရာဇဂြိုလ်မြို့ထဲ နောက်ပါ
ရဟန်းများစွာနဲ့အတူ ကြွတော်မူလာတယ်။ တစ်ဖက်ကလည်း နာဠာဂီရိ ဆင်ကို
အရက်(၁၆)အိုးတိုက်ကာ ဘုရားရှင် ကြွလာရာလမ်းသို့ ဆင်ကြီးလွတ်ဖို့
ပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ…
ရာဇဂြိုလ်မြို့တွင်း ဘုရားရှင်နဲ့ နာဠာဂီရိဆင် တို့ရဲ့ ပွဲကို
ကြည့်ဖို့အတွက် ရောက်နေကြတဲ့ လူထုပရိသတ်ကြီးကလည်း မဖြစ်ဘူးမြဲ ထူးကဲစွာ
များပြားလှပါတယ်။ သဒ္ဓါတရားရှိသူ ဗုဒ္ဓဘာသာဝင်များကတော့ ဘုရားရှင်က
နာဠာဂီရိဆင်အား လှလှကြီး ဆုံးမတော်မူမှာကို ဖူးမြင်ရတော့မယ် ဆိုတဲ့ အသိနဲ့
အိမ်အမိုးပေါ်တက်ကာ ကြည့်ရှုနေကြသလို…
သဒ္ဓါတရားမရှိတဲ့ မိစ္ဆာဒိဋ္ဌိများကတော့ ဘုရားတရားသံဃာဆိုတာမသိ၊
အလွန်ကြမ်းတမ်းတဲ့ နာဠာဂီရိဆင်ကြီး ရဟန်းဂေါတမကို မုန့်ညက်အောင်
နင်းခြေပြီး သတ်လိမ့်မယ်။ ဒါကို ကောင်းကောင်းကြီး မြင်ရတော့မယ် ဆိုတဲ့
အတွေးနဲ့ အမိုးပေါ်တက်ကာ အချိန်ကို စောင့်နေကြပါတယ်။
ထိုအချိန်မှာပဲ နာဠာဂီရိဆင်ကြီးဟာ ဘုရားရှင် ကြွလာရာကို ဦးတည်ပြီး
ဒေါသကြီးကြီးနဲ့ နားရွက်ကို ထောင်ကာ ဘုရားရှင်ရှိရာသို့ ဦးတည်
ပြေးလာပါတော့တယ်။ ရဟန်းတော်များက ဘုရားရှင်အား “ မြတ်စွာဘုရား…..ဒီနေရာကနေ
ရှောင်သင့်ပါတယ် အရှင်ဘုရား” လို့ လျှောက်ထားတဲ့အခါ ဘုရားရှင်က “
ရဟန်းတို့…မကြောက်ကြနဲ့၊ နာဠာဂီရိဆင်ကို ငါဘုရား ဆုံးမတော်မူပါ့မယ်” လို့
မိန့်တော်မူပါတယ်။
အရှင်အာနန္ဒာကလည်း ဘုရားရှင်အား ဆင်ပြောင်ကြီးရဲ့ အနင်းကို မခံယူစေပဲ
သူသာလျှင် အရှေ့က အနင်းခံမယ် လို့ ဆိုကာ ဘုရားရှင်အရှေ့က ကာပြီး
ရပ်နေပါတယ်။ ဘုရားရှင်အပေါ် အသက်စွန့်ဝံ့တဲ့ အရှင်အာနန္ဒာရဲ့ မေတ္တာက
အံ့မခန်းဖြစ်ခဲ့ရတယ်။ ထိုအခါ ဘုရားရှင်က “ အာနန္ဒာ ငါဘုရားရှေ့က
ဒီလိုမနေပါနဲ့” လို့ မိန့်တော်မူပါတယ်။ ပြောမရတဲ့အဆုံး အရှင်အာနန္ဒာအား
တန်ခိုးတော်နဲ့ ရဟန်းတော်များအကြားမှာ ထားတော်မူလိုက်ရပါတယ်။ ထိုအချိန်မှာ
သားသည်မိခင်တစ်ယောက်လည်း ကြောက်လန့်ပြီး သားလေးကို ဘုရားရှင်နဲ့
ဆင်ပြောင်ကြီးရဲ့ အလယ်မှာ ချထားခဲ့ကာ လွတ်ရာသို့ ပြေးပါတော့တယ်။
ဆင်ပြောင်ကြီးကလည်း ကလေးကို အရင်နင်းခြေသတ်ဖြတ်မယ်ဆိုတဲ့ အကြံနဲ့
ကလေးရှိရာသို့ ပြေးအလာ၊ ဘုရားရှင်က “ ဟဲ့ နာဠာဂီရိ….သင့်ကို အရက် ၁၆
အိုးတိုင်အောင် တိုက်လိုက်တာဟာ ကလေးကို သတ်ဖို့မဟုတ်ဖူး၊ ငါဘုရားကို
သတ်ဖို့ဖြစ်တယ်၊ ဒါကြောင့် မဆိုင်တဲ့ ကလေးဆီကို မသွားဘဲ ငါ့ဘုရားထံသို့သာ
ဖြောင့်ဖြောင့် လာခဲ့ပါတော့” လို့ ပြောလိုက်ပါတယ်။
ထိုအခါ ဆင်ပြောင်ကြီးဟာ ဘုရားရှင်ရဲ့ ချိုမြိန်လှတဲ့ အသံကို
ကြားလိုက်ရတဲ့အပြင် ဘုရားရှင်ရဲ့ တင့်တယ်တော်မူလှတဲ့ အသရေတော်ကို
ဖူးမြင်ရကာ ဘုရားရှင်ရဲ့ တန်ခိုးအာနုဘော်ကြောင့် နာဠာဂီရိဆင်ကြီးဟာ
ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ၀ပ်စင်းခဲ့ရပါ တော့တယ်။ ဒီအချိန်မှာ
ဘုရားရှင်က ဆင်ပြောင်ကြီးနဲ့တကွ ရောက်လာတဲ့ ပရိသတ်များစွာတို့အား တရားရေအေး
တိုက်ကျွေးခဲ့ပါတယ်။ တရားအဆုံးမှာ ဆင်ပြောင်ကြီးဟာ ဆီထိဂွမ်းလို
တစ်ကိုယ်လုံး နှစ်သက်ခြင်း ပီတိဖြာဝေခဲ့ရပါတယ်။ တကယ်ဆိုရင် ဆင်ပြောင်ကြီးဟာ
တိရစ္ဆာန်ဖြစ်နေလို့ပါ။ လူဆိုရင်တော့ သောတာပတ္တိမဂ်ဖိုလ်တည်ပြီး
အရိယာတောင်ဖြစ်နိုင်သေးတယ်။ ရောက်လာတဲ့ ပရိသတ်များလည်း သစ္စာတရားသိကာ
တရားထူးများ ရခဲ့ကြပါတော့တယ်။